ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် ကျောင်း သားပွဲတော်သို့ တက်ရောက်အားပေးချီးမြှင့်၊ ပြည်နယ်အတွင်း စက်သုံးဆီဖူလုံမှုရှိစေရေး၊ စက်သုံးဆီခြိုးခြံချွေတာ ရေးအတွက် ထုတ်ပြန်ထားသော ကြေညာချက်များနှင့် အလေးထားလိုက်နာ ပူးပေါင်းဆောင်ရွက်နိုင်‌ရေး ဌာနဆိုင်ရာများ၊ စက်သုံးဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား မတ် ၉

          ကချင်ပြည်နယ်၏ ပညာရေးကိုအဓိကဖော်ဆောင်ပေးနေသည့် တက္ကသိုလ်ဖြစ်သည့်အပြင် ကျောင်းသားများ၏ တီထွင်ဖန်တီးနိုင်မှုစွမ်းအားနှင့် စည်းလုံးညီညွတ်မှုပိုမိုဖြစ်ပေါ်လာစေရေးအတွက် ရည်ရွယ်ကျင်းပသည့် မြစ်ကြီးနားတက္ကသိုလ်၏ ကျောင်းသားပွဲတော်ကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

          ရှေးဦးစွာ ကျောင်းသားပွဲတော်ကို ဓာတုဗေဒမေဂျာမှ ကျောင်းသား/ ကျောင်းသူလေးများက ပြည့်ရတနာ တေး သီချင်းသရုပ်ဖော်အကအလှများဖြင့် ကပြဖျော်ဖြေဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ ပွဲတော်သည် ကျောင်းသား/ ကျောင်းသူများ ပညာသင်ကြားမှုသာမက အတွေ့အကြုံသစ်များရရှိမည်ဖြစ်သည့်အပြင် ရိုးရာအစားအစာများကို ဦးစားပေးဖော်ဆောင်ခြင်းဖြင့် ဒေသခံယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်ရာရောက်သကဲ့သို့ ကျောင်းသားလူငယ်များကြားတွင်လည်း ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာလာစေမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသား/ ကျောင်းသူလူငယ်မျိုးဆက်သစ်များအနေဖြင့် အနာဂတ်တွင် ပြည်နယ်နှင့်နိုင်ငံတော်အတွက် အားကိုးရသည့် သားကောင်းရတနာများဖြစ်လာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံအောင်၊ ပိုမိုထူးချွန်အောင် ကြိုးစားအားထုတ်ကြရန် လိုအပ်ပါကြောင်း မှာကြားသည်။

          ထို့နောက် ကျောင်းသားတစ်ဦးက ၂၀၂၆ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် သက်ပြည့်အငြိမ်းစားယူတော့မည့် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း၏ အတ္ထုပ္ပတ္တိကို ဖတ်ကြားခြင်းနှင့် ကျောင်းသား/ကျောင်းသူများက ပါမောက္ခချုပ်အား ဂါရဝပြုလက်ဆောင်များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြရာ ပါမောက္ခချုပ်က ပွဲတော်ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ကျောင်းသား/ ကျောင်းသူများအား ဆုံးမသြဝါဒစကား ပြန်လည်ပြောကြားခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခဌာနမှူးများ၊ တက်ရောက်လာသူများက ကျောင်းသားပွဲတော် အထိမ်းအမှတ် တက္ကသိုလ်ဘာသာရပ်အလိုက် သက်ဆိုင်ရာမေဂျာများမှ ကျောင်းသား/ ကျောင်းသူများက တိုင်းရင်းသားရိုးရာတေးသီချင်း သရုပ်ဖော်အကအလှများဖြင့် ကပြဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အကအဖွဲ့ (၁၃)ဖွဲ့မှ ကျောင်းသား/ ကျောင်းသူများအတွက် ချီးမြှင့်ငွေကျပ် ၃၃ သိန်းကို ချီးမြှင့်ပေးအပ်ခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် ဘွဲ့နှင်းသဘင်ခန်းမဆောင်ဘေးတွင် ဘာသာရပ်အလိုက်ဌာနများမှ ကျောင်းသားပွဲတော် အထိမ်းအမှတ် ရိုးရာအစား အစာ အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုများကို တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများနှင့်အတူ လှည့်လည်ကြည့်ရှု၍ ဝယ်ယူအားပေးခဲ့ကြသည်။

          ထို့အတူ မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အတွင်း စက်သုံးဆီ ဖူလုံမှုရှိစေရေးအတွက် စက်သုံးဆီခြိုးခြံချွေတာနိုင်ရေး၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချနိုင်ရေးအတွက် ပြည်နယ်စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြုးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်အသေးစားနှင့် အလတ် စား စက်သုံးဆီဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်စက်သုံးဆီလုပ်ငန်းရှင်များအသင်း၊ စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

          ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း လိုအပ်လျက်ရှိသော စက်သုံးဆီများကို နည်းလမ်းပေါင်းစုံဖြင့် တင်သွင်းနိုင်ရေး ကြိုးစားဆောင်ရွက်ပေးနေသည်ကို အားလုံးသိရှိနားလည်ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် စက်သုံးဆီလိုအပ်ချက်အတွက် 92RON- 150000 ဂါလန်၊ PHSD-458820 ဂါလန်နှင့် သံပုရာကန်ဆီ ၁၁၃၁၅၀ ဂါလန်ကို မကြာမီအချိန်အတွင်း ပြည်နယ်သို့ ထပ်မံရောက်ရှိလာမည်ဖြစ်ပါကြောင်း၊ ယနေ့ လုပ်ငန်းရှင်များအနေ ဖြင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့်အတိုင်း စက်သုံးဆီများ ဝယ်ယူစုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများ လုံးဝမပြုလုပ်ရန် စည်းကမ်းသတ်မှတ်ချက်များကို အထူးအလေးထားလိုက်နာရန်လိုအပ်ပြီး ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ကို သိရှိနားလည်ထားရန် လိုအပ်ပါကြောင်း၊ ထို့အပြင် စွမ်းအင်ဝန်ကြီးဌာနမှလည်း ဆီလက်ကျန်ရှိပြီး အရောင်းရပ်ထားပါက အရောင်းဆိုင်လိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်းကို ကြေညာထားမှုကိုလည်း သိရှိလိုက်နာရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်အတွင်း စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် အခါအားလျော်စွာ ထုတ်ပြန်သည့် စည်းကမ်းများကို လိုက်နာခြင်းဖြင့် ပူးပေါင်းပါဝင်ကြရန်နှင့် စက်သုံးဆီဖူလုံမှုရှိစေရေးအတွက် မိမိတို့၏အတွေ့အကြုံများနှင့် အပြုသဘောဆောင်သည့် အကြံပြုချက်များဖြင့် ပါဝင်ဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

          ဆက်လက်၍ ပြည်နယ်စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က စက်သုံးဆီဖူလုံမှုရှိစေရေးနှင့် ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချနိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့မှုများအပေါ် တွေ့ရှိချက်များနှင့် အလေးထားလိုက်နာဆောင်ရွက်ကြရမည့် ကြေညာချက်များကိုလည်းကောင်း၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေး ရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးစိုင်းကြည်ရွှင်က ပြည်နယ်အတွင်း စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ခွင့်ပြုချက်ချထားပေးနေမှု အခြေအနေများ၊ စက်သုံးဆီလက်ခံရရှိမှု၊ ဖြန့်ဝေပေးနေမှုနှင့် ကြေညာချက်များနှင့်အညီ ရောင်းချခြင်း ရှိ/ မရှိ စစ်ဆေးဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပူးပေါင်းဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

          ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်စက်သုံးဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အသေးစား၊ အလတ် စားစက်သုံးဆီဆိုင်ရာ လုပ်ငန်းကော်မတီ တာဝန်ရှိသူများ၊ စက်သုံးဆီအရောင်း ဆိုင်လုပ်ငန်းရှင်များက စက်သုံးဆီဖူလုံစေရေးအတွက် လိုက်နာဆောင်ရွက်သွားမည့် အခြေအနေများနှင့် အကြံပြုချက်များကို အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က စက်သုံးဆီဖူလုံစေရေးအတွက် ဆွေးနွေးအကြံပြုချက်များကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ အများပြည်သူ အခက်အခဲမဖြစ်ပေါ်စေရေး သတ်မှတ်စည်းကမ်းများအပေါ် အလေးထားလိုက်နာ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။