မြစ်ကြီးနား မတ် ၁၀
ကချင်ပြည်နယ်အတွင်း တတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော်ပထမပုံမှန် အစည်းအဝေးကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ လွှတ်တော်အစည်းအဝေးကျင်းပရေး ဦးစီးကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မတ် ၁၀ ရက် နံနက် ၉ နာရီက လွှတ်တော်ရုံးအတွင်း ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်နယ်လွှတ်တော်ရုံးသို့ သွားရောက်ခဲ့ကြပြီး လွှတ်တော်ရုံး၌ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါ်ယိန်းညော်နှင့် အရာထမ်း/ အမှုထမ်းများက လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ် ကြို/ ပို့ ယာဉ်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့လက်ခံမည့်အခြေအနေများ၊ လွှတ်တော်ခန်းမအတွင်း ပထမပုံမှန်အစည်းအဝေးအတွက် ကိုယ်စားလှယ်ဦးရေ သတ်မှတ်ချက်အတိုင်း ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု၊ ရုပ်သံရိုက်ကူးရေး အစီအစဉ်များအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု၊ လွှတ်တော်ရေးရာကော်မတီ ရုံးခန်းများနှင့် အစည်း အဝေးခန်းများ ကြိုတင်ပြင်ဆောင်ရွက်ထားရှိမှု၊ ရုံးအဖွဲ့များက ဌာနစုအလိုက် လုပ်ငန်းများကြိုတင်ပြင်ဆောင်ရွက်နေမှု အခြေအနေများ၊ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌရုံးခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ Banque Hall ၌ လွှတ်တော်ကိုယ်စား လှယ်များအား လွှတ်တော်လုပ်ငန်းစဉ်ရှင်းလင်းပွဲ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များပြင်ဆင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် လွှတ်တော်ကိုယ်စားများ တည်းခိုရိပ်သာသို့သွားရောက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်နိုင်ရေးအိပ်ခန်းများ ကြိုတင်ပြင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လွှတ်တော်ရုံးတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါလွှတ်တော်ရုံးနှင့်ကပ်လျက်တွင် တည်ဆောက်လျက်ရှိသည့် ပြည်နယ်တရားလွှတ်တော်ရုံး ၂၀၆ ပေ × ၁၅၃ ပေ၊ RC (၄)ထပ် အဆောက်အဦသစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့သွားရောက်ပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ တရားဦးစီးမှူး၊ တာဝန်ရှိသူများ၊ အဆောက်အဦသစ်တည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာတို့နှင့်အတူ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ပြီးစီးရမည့် အောက်ခြေဖောင်ဒေးရှင်းတည်ဆောက်ပြီးစီးမှုအပေါ် ဆောင်ရွက်ပြီးစီးရမည့် အပိုင်းလိုက်လုပ်ငန်းများ အပြီး သတ်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘဏ္ဍာနှစ်အလိုက်ပြီးစီးရမည့် အတိုင်းအတာများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။








