မြစ်ကြီးနား မတ် ၁၁
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် စာမေးပွဲပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ဖြေဆိုလျက်ရှိရာ ကချင်ပြည်နယ်အတွင်း၌လည်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနပေါင်း ၂၃ ခုဖွင့်လှစ်၍ စတင်ဖြေဆိုနေပြီဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ပေါ် စာစစ်ဌာနများ၌ အေးချမ်းစွာကျင်းပပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်ထွေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ပြည်နယ်ပညာရေးမှူး၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့များ၊ ယာဉ်ထိန်းတပ်ဖွဲ့များက ကြို/ပို့ယာဉ်များနှင့် မော်တော်ဆိုင်ကယ်ဖြင့်လာရောက်သည့် ကျောင်းသား/ ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းစေရေး ကူညီဆောင်ရွက်ပေးနေမှုများနှင့် စစ်ဆေးဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် စာစစ်ဌာနအတွင်းရှိ စာသင်ဆောင်များအတွင်း စာဖြေခန်းများဖွင့်လှစ်၍ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ကြီးကြပ်ရေးဆရာ၊ ဆရာမများနှင့် အခြေခံပညာကျောင်း (၄)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၄) ကျောင်းတို့မှ ကျောင်းသား/ ကျောင်းသူဦးရေ ၉၀၀ ကျော်တို့က စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျန်းမာရေးစောင့် ရှောက်မှုပေးရေးအဖွဲ့က ရုံးခန်းဖွင့်လှစ်၍ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စာမေးပွဲကြီးကြပ်ရေးအဖွဲ့တို့မှ စာဖြေခန်းများအလိုက် ကျောင်းသားစာရင်းရှိနှင့် လာရောက်ဖြေဆိုမှု အခြေအနေတို့အား စစ်ဆေးဆောင်ရွက်၍ စာရင်းဇယားပြုစုနေမှုတို့ကိုစစ်ဆေးခဲ့ကြပြီး ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ အဆိုပါကျောင်းအပါအဝင် အ.ထ.က(နန့်ပေါင်)၊ အ.ထ.က (ပမ္မတီး)၊ အ.ထ.က (ခွဲ) ရှမ်းရွာ၊ အ.ထ.က (ခွဲ) ခလရ(၃၇)၊ အ.ထ.က (ခွဲ) ရှဒေါင်(၁)တို့မှ ကျောင်းသား/ ကျောင်းသူများက စာဖြေခန်းများအတွင်း အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျန်းမာရေးအဖွဲ့နှင့် ကြီးကြပ်ရေးမှူးရုံးခန်းဖွင့်လှစ်၍ ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အောင်ဇေရန်အောင်ဘုရားရှေ့၊ ပြည်ထောင်စုလမ်းမဘေးရှိ ယခင်ရေဝပ်နေရာ၌ ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်စွာပေါက်ရောက်နေမှုအားရှင်းလင်း၍ ပြည်နယ်အစိုးရအဖွဲ့၏ ပန်းမြို့တော်စီမံကိန်းဖြင့် အများပြည်သူအပန်းဖြေနိုင်ရေး စည်ပင်သာယာရေးအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မလိခဥယျာဉ်အဖြစ် မြေယာရှုခင်းများပြုပြင်၍ အလှပန်းပင်များ စိုက်ပျိုးထားရှိမှု၊ ပန်းဥယျဉ်ဆိုင်းဘုတ် ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုပြီးချိန်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ ထပ်မံသွားရောက်ပြီး စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်အား အေးချမ်းစွာဖြေဆိုပြီး ပြန်လည်ထွက်ခွာလာခဲ့ကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များနှင့်အတူ ကျောင်းသား/ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြပြီး အာဟာရဖြစ်စေသည့် အစားအစာမုန့် နှင့် အချိုရည်များကို ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ကို မြစ်ကြီးနားမြို့နယ်အတွင်းရှိ စာစစ်ဌာန (၈)ခု ဖွင့်လှစ်၍ စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၅၀၀၂)ဦးအနက် လာရောက်ဖြေဆိုသည် ၄၈၄၁ ရှိပြီး ၁၆၁ ဦးပျက်ကွက်ခဲ့ကာ ဖြေဆိုမှု ရာခိုင်နှုန်းအနေဖြင့် ၉၆ ဒဿမ ၇၈ ရာခိုင်နှုန်းအထိရှိပြီး တစ်ပြည်နယ်လုံးတွင် စာစစ်ဌာန (၂၃)ခုဖွင့်လှစ်၍ ကျင်းပပြုလုပ်လျက်ရှိပြီး စာရင်းရှိကျောင်း သား/ ကျောင်းသူဦးရေ ၁၂၁၈၀ ဦးအနက် ဖြေဆိုသူ ၁၁၆၃၄ ဦးထိ ရှိခဲ့သဖြင့် ဖြေဆိုမှု ရာခိုင်နှုန်း ၉၅ ဒဿမ ၅၂ ရာခိုင်နှုန်းအထိ အေးချမ်းစွာကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲရုံး မလိခခန်းမ၌ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များနှင့် (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့အစည်းအဝေးတွင် ကော်မတီအဖွဲ့၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီလက်ထက်တွင် လုပ်ငန်းဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများအပေါ် အားလုံးကဝိုင်းဝန်းသုံးသပ်အဆွေးနွေးပေးကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာသိမ့်သိမ့်မိုးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီလက်ထက်တို့တွင် ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။






