ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် Cleaning Campaign သို့ တက်‌ရောက်

မြစ်ကြီးနား မတ် ၂၅

ပတ်ဝန်းကျင်သန့်ရှင်းသာယာစေရေးနှင့် လူမှုတာဝန်ယူစိတ်မြှင့်တင်နိုင်စေရေးရည်ရွယ်၍ Cleaning Campaign အဖြစ် မြစ်ကြီးနားမြို့၊ မင်းရပ်ပြည်သူ့အားကစားကွင်းနှင့် ကမ်းနားလမ်းတလျှောက်တို့တွင် မတ် ၂၄ ရက် နံနက်ပိုင်းက ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်အားပေးခဲ့ပြီး မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် ပြည်တွင်းလူငယ်မိသဟာရအသင်းမှ ဒေသခံလူငယ်များ စုစုပေါင်းအင်းအား (၄၅၀)ခန့်တို့စုပေါင်း၍ မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက် ပြည်သူ့အာကစားကွင်းအတွင်း/အပြင်နှင့် ကမ်းနားလမ်းတလျှောက် (၃ ဒဿမ ၄) ဧကကျော်အား အမိုက်ကောက်ခြင်း၊ သစ်ပင်ခြုံနွယ်များ ရှင်းလင်းခဲ့ကြသည်။

          ထို့အတူ ညနေပိုင်းတွင်လည်း ပြည်နယ်မိုးလုံလေလုံအားကစားခန်းမ၌ Cleaning Campaign တွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခဲ့သည့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် ပြည်တွင်းလူငယ်မိသဟာရအသင်းအဖွဲ့အား အခမ်းအနားဖြင့် ဂုဏ်ပြုခဲ့ကြသည်။

          အဆိုပါ ဂုဏ်ပြုပွဲတွင် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်တွင်းလူငယ်မိသဟာရအသင်းမှ လူငယ်များ၏ တေးသီချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ Cleaning Campaign ဗီဒီယိုကလစ်အား ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက  ဂုဏ်ပြုပြောကြားရာတွင် ယခုလို လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လိုစိတ်အပြည့်ဖြင့် စိတ်အားထက်သန်စွာ ခိုင်မာသည့်စိတ်၊ မဆုတ်မနစ်သောဇွဲလုံးလများပြည့်ဝစွာဖြင့် လုပ်ဆောင်ခဲ့ကြသည့် လူငယ်များသည် မိမိတို့ပြည်နယ်အတွက်သာမက ပြည်‌ထောင်စုကြီး၏အကျိုးကို ကောင်းစွာသယ်ပိုးနိုင်မည့်ဖြစ်သည့်အပြင် အနာဂတ်နိုင်ငံတော်အတွက် အေးချမ်းမှုများ၊ သန့်ရှင်းသာယာမှုများကို ဆောင်ကျဉ်းသွားနိုင်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်း ပြောကြားသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးက Cleaning Campaign တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည် ပြည်တွင်းလူငယ်မိသဟာရအသင်းအား အသိအမှတ်ပြုဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးလှမိုးက Cleaning Campaign ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ သည်။

          အဆိုပါ Cleaning Campaign ကို မြစ်ကြီးနားမြို့၌ ၁ လ ၁ ကြိမ်နှုန်းဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂ နှစ်စီမံကိန်းဖြင့် မြစ်ကြီးနားမြို့ရှိ ရပ်ကွက်/ကျေးရွာပေါင်း ၂၄ ရပ်ကွက်အား ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။