မြစ်ကြီးနား အောက်တိုဘာ ၂၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အရှေ့လယ်ကုန်းရပ်ကွက်အတွင်းရှိ သောင်ဦးကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဥတ္တရမထေရ်မြတ်ကြီး သက်တော်(၈၆)နှစ်၊ သိက္ခာတော်(၆၆)ဝါ၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇော်ပွဲသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ဦးဆောင်သည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့ တက်ရောက်ကြည်ညိုပူဇော်ကြသည်။
ရှေးဦးစွာ ဈာပါနပူဇော်ပွဲသဘင်အခမ်းအနားကို ပြည်နယ်သံဃနာယကအကျိုးတော်ဆောင် ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေတုမာလာအမှူးပြုသော ဆရာတော်၊ သံဃာတော်များကဦးဆောင်၍ ရဟန်းတော်များ၊ တပည့်သာဝကများ၊ ဘာသာရေးအသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ လူမှုပရဟိတကူညီရေးအသင်းအဖွဲ့များ၊ ဝတ်အသင်းအဖွဲ့များက သဗ္ဗေသင်္ခါရာအနိစ္စာတိ အစချီသောသုံးဂါထာကို ဆင်ခြင်ရွတ်ပွား၍ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြားနာယူကြသည်။
ဆက်လက်၍ တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တပည့်သာဝကများက ဆရာတော်များထံ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သောင်ဦးကျောင်းတိုက်ဆရာတော်ကြီးအား အမျှပေးဝေခဲ့ကြကာ သံဃာတော်အရှင်မြတ်များက အနိစ္စာဝတသင်္ခါရာ အစဖြာသော ဂါထာတော်များဖြင့် မရဏနုဿတိ ကမ္မဋ္ဌာန်းစီးဖြန်းတော်မူခဲ့ကြသည်။
ထို့နောက် ဆရာတော်မထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အားပင့်ဆောင်ရာ ဦးစွာထီးဖြူဖွင့်ဂါထာတော်ကို ရွတ်ဖတ်ပူဇော်ပြီး ပစ္ဆိမဝန္ဒနာဂါထာကိုရွတ်ဆိုခြင်း၊ စရိမဝန္ဒနာဂါထာဖြင့် ရွတ်ဖတ်ပူဇော်ခြင်းနှင့် တပည့်ရဟန်းသာမဏေများနှင့် ဒါယကာ၊ ဒါယိကာမများက အပြစ်ရှိကခွင့်လွှတ်ပါရန် တောင်းပန်လွှာဖြင့် ရွတ်ဖတ်ပူဇော်ခဲ့ကြကာ ဆရာတော်ကြီး ၏ ဥတုဇရုပ်ကလာပ်တော်အား ယာယီစံကျောင်းမဏ္ဍပ်သို့ ပင့်ဆောင်ရာတွင် တိုင်းမှူးနှင့်တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဦးဆောင်၍ ပင့်ဆောင်ပူဇော်ခဲ့ကြပြီး တပည့်ရဟန်းသာမဏေများ၊ ဒါယကာ၊ ဒါယိကာမများ၊ လူမှုရေးအသင်းအဖွဲ့များက ယာယီစံကျောင်းတော်အရောက် ပင့်ဆောင်ပူဇော်ခဲ့ကြကြောင်းသိရသည်။


