မြစ်ကြီးနား ဒီဇင်ဘာ ၁၀
ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဗန်းမော်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ရှင်းလင်းပြတ်သားစွာ သိရှိနားလည်စေရန် ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့နယ်စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ပြည်နယ်/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်အရာရှိများ နှင့် ဗန်းမော်ခရိုင်၊ ဗန်းမော်၊ မံစီ၊ မိုးမောက်မြို့နယ်တို့၏ မဲရုံများအလိုက် ကြီးကြပ်ဆောင်ရွက်ကြမည့် သင်တန်းသား/ သင်တန်းသူ (၁၂၉)တို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက နိုင်ငံ့ဝန်ထမ်းများပီပီ နိုင်ငံတော်အတွက် အကျိုးပြုဆောင်ရွက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များကို ဥပဒေနှင့်အညီ စည်းကြပ်ဒိုင်လူကြီးများအဖြစ် သမာသမတ်ကျကျ ရွေးချယ်ပေးရမည့်သူများဖြစ်ပြီး အခြေခံကျသော အခန်းကဏ္ဍမှဆောင်ရွက်ကြရမည့်သူများဖြစ်သည့်အတွက် ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်များချက်များအပေါ် သိရှိနားလည်ကျင့်သုံးတတ်စေရန်နှင့် လုပ်ငန်းစဉ်အဆင့်တိုင်းကို ကျွမ်းကျင်စွာအသုံးပြုတတ်အောင် လေ့လာမှတ်သားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်အေးက ရွေးကောက်ပွဲတွင် လိုက်နာကျင့်သုံးဆောင်ရွက်ရမည့် မူပိုင်ဆိုင်းရာ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ဥပဒေနှင့် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေများ၊ လုပ်ငန်းစဉ်များကို လက်တွေ့အသုံးချတတ်စေရေး၊ ထုတ်ပြန်ပြီး လုပ်ငန်းလမ်းညွှန်များအပေါ် တာဝန်နှင့် လုပ်ပိုင်ခွင်များ၊ ပြစ်မှု/ပြစ်ဒဏ်များနှင့် တရားမဲ့ပြုကျင့်မှုများကို သိရှိနားလည်စေရေး ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော်၊ မံစီ၊ မိုးမောက်မြို့နယ်များမှ မဲရုံများ တွင် ကြီးကြပ်တာဝန်ထမ်းဆောင်ကြမည့် ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ စုစုပေါင်း (၁၂၉)ဦး တက်ရောက်ကြခြင်းဖြစ်ပြီး သင်တန်းကာလကို (၂)ရက်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ မြန်မာနိုင်ငံကချင်လူမျိုး ရိုးရာယဉ်ကျေးမှုအသင်းက ကျင်းပသည့် ခရစ္စမတ် ဆုတောင်းပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ကချင်တိုင်းရင်းသားမျိုးနွယ်စု (၆) မျိုးမှ စာပေယဉ်ကျေးမှုအသင်းအဖွဲ့များနှင့်အတူ ခရစ်တော်မွေးနေ့ ဆုတောင်းခြင်းများ၊ ဓမ္မတေးသီချင်းသီဆိုခြင်းနှင့် ကောင်းချီးတောင်းခံဆုတောင်းခြင်း အစီအစဉ်များတွင် ပါဝင်ဆက်ကပ်ခဲ့ကြကြောင်း သိရသည်။
