ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပဉ္စမအကြိမ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအား ရိုးရာအစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာကျင်းပ၊ မြစ်ကြီးနားမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ အမှတ်စဉ်(၁၃) ကြိမ်မြောက် (၂)နှစ် ဒီပလိုမာဆရာဖြစ်သင်တန်းဆင်းပွဲနှင့် (၁၄)ကြိမ်မြောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မြစ်ကြီးနား ဇန်နဝါရီ  ၃၁

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ အထိမ်းအမှတ် ပဉ္စမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ၊ ဒိုးပတ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ မြန်မာတို့၏ ရိုးရာအစဉ်အလာနှင့်အညီ အိုးစည်ဒိုးပတ်ဝိုင်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ရှေးဦးစွာ ဒိုးပတ်ပြိုင်ပွဲကိုကျင်းပရာ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များနှင့် ဝိုင်းမော်မြို့နယ်မှ ပြိုင်ပွဲဝင် ဒိုးပတ်အသင်း(၅)သင်းက မြန်မာရိုးရာထမနဲထိုးပွဲ ပုံရိပ်ကို ဖော်ဆောင်သည့် သံချပ်/ သီချင်းစာသားများနှင့်အတူ ဦးရွှေရိုးနှင့် ဒေါ်မိုးအကတို့ဖြင့် ပါဝင်ယှဉ်ပြိုင်မှုတို့ကို ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များက ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ထမနဲ့ထိုးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ဌာနဆိုင်ရာဝန်ထမ်းများ စိတ်လက်ပေါ့ပါးစေပြီး စည်းလုံးညီညွှတ်မှု၊ စိတ်အားတက်ကြွမှု၊ ပျော်ရွှင်ချမ်းမြေ့မှုတို့ကို ပြသနိုင်သည့်အပြင် အားပေးကြည့်ရှု့ကြသည့် ပရိတ်သတ်များ၏ ရွှင်လန်းတက်ကြွမှုကို ဖြစ်စေပြီး မိမိတို့၏ ရိုးရာဓလေ့ထုံးစံ၏ ပုံရိပ်ကိုပေါ်လွင်အောင် ဖော်ဆောင်သည့်အနေဖြင့် စုပေါင်းထမနဲထိုးပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ထမနဲထိုးပြိုင်ပွဲဝင်ကြမည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်း၊ ဝန်ကြီးဌာနအသင်းများ၊ ‌မြစ်ကြီးနားမြို့ပေါ် တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် မြို့ပေါ်ရပ်ကွက်/ကျေးရွာများမှ စုစုပေါင်းပြိုင်ပွဲဝင်အင်းအား(၂၀) တို့၏ ပြိုင်ပွဲဝင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြိုင်ပွဲကိုစတင်ရန် ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများက သတ်မှတ်နေရာအသီးသီးတွင် ဒိုင်များ၏ ကြီးကြပ်မှုဖြင့် ထမနဲထိုးခြင်းကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စတင်ယှဉ်ပြိုင်ကြရာ ဒိုးပတ်အိုးစည်အကတို့ဖြင့် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပြီး မြန်မာ့ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဒိုးပတ်ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ထမနဲထိုးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆုနှင့် ဂုဏ်ပြုဆုများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့ပြင် မွန်းလွဲပိုင်းကလည်း ပြည်နယ်ဝန်ကြီးများသည် မြစ်ကြီးနားမြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းရှိ သာသနဟိတဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည့် အမှတ်စဉ်(၁၃) ကြိမ် မြောက် (၂)နှစ်ဒီပလိုမာဆရာဖြစ်သင်တန်းဆင်းပွဲနှင့် (၁၄) ကြိမ်မြောက်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ကြပြီး ဝန်းသိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေတုမာလာထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက သာသနာရေးဆိုင်ရာများကိုလျှောက်ထားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက သံဃာတော်များထံ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက (၁၄) ကြိမ်မြောက်သင်တန်းအတွက် ငွေကျပ်သိန်း(၇၀)ကို လှူဒါန်းပေးခဲ့သည်။ ထို့နောက် ကျောင်းထိုင်သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တ ဝါသဝက (၁၃) ကြိမ်မြောက် (၂) နှစ်ဒီပလိုမာ ဆရာဖြစ်သင်တန်းဆင်း သံဃာတော် (၁၂)ပါးတို့အား ဒီပလိုမာသင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းကျောင်းနှင့်ပတ်သက်၍ ရှင်းလင်းမိန့်ကြားကာ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ဆရာတော်ထံမှ အနုမောဒနာတရားနာကြားပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။