မြစ်ကြီးနား ဇန်နဝါရီ ၁၂
ကချင်ပြည်နယ်အတွင်းရှိ ထုတ်ကုန်များ ဈေးကွက်ရရှိရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဈေးကွက်ချိတ်ဆက်မှုတို့ကို စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်သည် သဘာဝအရင်းအမြစ်ပေါကြွယ်ဝပြီး လယ်ယာထွက်ကုန်၊ သစ်တောထွက်ကုန်များဖြင့် စားသောက်ကုန်များ၊ လက်မှုထုတ်ကုန်များအပါအဝင် အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်သည့် အလားအလာများစွာရှိသော ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံနှင့်ထိစပ်နေသည့်အတွက် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်အထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် အခွင့်အလမ်းရှိသော ပြည်နယ်ဖြစ်သည်ကို အားလုံးကသိရှိထားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ပဈေးကွက်သို့ ဝင်ရောက်နိုင်ရေးအတွက် အရည်အသွေးမီ စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် ထုတ်ကုန်များ တန်ဖိုးမြှင့်တင် ထုပ်ပိုးမှုနှင့် အမှတ်တံဆိပ်တည်ဆောက်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဈေးကွက်ချိတ်ဆက်မှုတို့ကို စနစ်တကျဆောင်ရွက်လိုအပ်လျက်ရှိပါကြောင်း၊ ထိုအချက်များ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် အစိုးရဌာနများနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုသည် အရေးကြီးဆုံးပင်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက ကချင်ပြည်နယ်အတွင်းရှိ ထုတ်ကုန်များ ဈေးကွက်ရရှိရေးအတွက် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ဈေးကွက်ရရှိရေးအတွက် ပြည်တွင်းထုတ်ကုန်ပြပွဲများအပါအဝင် တရုတ်နိုင်ငံ၌ကျင်းပသည့် ကုန်စည်ပြပွဲများတွင် ပါဝင်ပြသနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့မှု အခြေအနေများနှင့် ဆန်းသစ်သည့်ဝန်ဆောင်မှုများကို အသုံးပြုပြီး ကုန်သွယ်မှုလုပ်ငန်းများကို ကူးပြောင်းဆောင်ရွက်နိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ Myanmar E-trade Platform နှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း တင်ပြဆွေးနွေးရာ တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် MSME လုပ်ငန်းရှင်များက ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်အပေါ် လိုအပ်သည်များ၊ ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲများကို အသီးသီးတင်ပြဆွေးနွေးကြရာ မြန်မာ့ကုန်သွယ်ရေးမြှင့် တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေး ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင်လည်း အဆိုပါ အစည်းအဝေးခန်းမ၌ (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အောင်မြင်စွာကျင်းပခဲ့မှုနှင့်စပ်လျဉ်း၍ အားနည်းချက်၊ အားသာချက်များ ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များအကြား လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်နေ့အခမ်းအနားကို နိုင်ငံတော်အဆင့် အကြီးအကဲများ တက်ရောက်ဂုဏ်ပြုခြင်းဖြင့် အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မိမိအနေဖြင့် ဆပ်ကော်မတီတာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ဂုဏ်ယူပါကြောင်း၊ မိမိအနေဖြင့် ပြည်နယ်နေ့အခမ်းအနားကို အပြည့်အဝအောင်မြင်အောင် ဆောင်ရွက်နိုင်သည်ဟု ယုံကြည်သည့်အပြင် ယနေ့အခမ်းအနားတက်ရောက်လာသူများအနေဖြင့်လည်း တွေ့ကြုံရသည့် အတွေ့အကြုံများကို ပွင့်ပွင့်လင်းလင်းတင်ပြကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ဆပ်ကော်မတီအလိုက် တာဝန်ယူဆောင်ရွက်ခဲ့မှုအပေါ် တွေ့ဆုံရသည့် အခက်အခဲများ၊ လိုအပ်ချက်များနှင့် အားသားချက်များကို အသီးသီးရှင်းလင်းတင်ပြကြရာ ဆပ်ကော်မတီဥက္ကဋ္ဌ ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များကို လိုအပ်ချက်များအပေါ် ဖြည့်စွက်သုံးသပ် ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မိမိအနေဖြင့် ယခုနှစ်ပြည်နယ်နေ့သည် ဒေသတွင်း တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုကို မျက်ဝါးထင်ထင်မြင်တွေ့သည့်အပြင် မနောအကတွင်လည်း အားလုံးက ပျော်ရွှင်စွာဆင်နွှဲကြသည်ကို ကြည်နူးဖွယ်တွေ့ရှိရပါကြောင်း၊ ယခုနှစ်အားနည်းချက်များကို လာမည့်နှစ်များတွင် ပိုမိုပြည့်စုံအောင် စီမံနိုင်မည်ဖြစ်သည့်အပြင် အားသာချက်များကိုလည်း ဆက်လက်ထိန်းသိမ်းနိုင်ပြီး ချိတ်ဆက်မှုအားကောင်းစွာဖြင့် စီစဉ်ဆောင်ရွက်ရေးနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။