မြစ်ကြီးနား စက်တင်ဘာ ၉
ကချင်ပြည်နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု အစီအစဉ် အကောင် အထည်ဖော်နိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ ခရိုင် (၃)ခရိုင်မှ အခြေခံပညာကျောင်းများအလိုက် အထက်တန်းအဆင့် ကျောင်း (၃)ကျောင်း၊ အလယ်တန်းအဆင့်ကျောင်း (၃) ကျောင်းနှင့် မူလတန်းအဆင့်အတွက် ကျောင်း (၂)ကျောင်းကို ရွေးချယ်အတည်ပြုပေးနိုင်ခဲ့ကြောင်း ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကချင်ပြည်နယ်သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများဖော်ဆောင်ရေး စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က အနာဂတ်နိုင်ငံတော်၏ တာဝန်များကို ဆက်လက်တာဝန်ယူကြမည့် လူငယ်မားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတများကို ပြည့်စုံစေရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်လုပ်ကိုင်လို စိတ်များရှင်သန်နိုးကြားလာစေရေး သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ အစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကော်မတီဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက ကချင်ပြည်နယ်အနေဖြင့် ယခင်က အမျိုးသားအဆင့်နှင့် အာဆီယံအဆင့်အထိ ဆုရရှိခဲ့သည့် အစဉ်အလာရှိခဲ့သည့်အတွက် ထိုသို့ကောင်းမွန်သည့် အစဉ်အလာကို ဆက်လက်ထိန်းသိမ်းနိုင်ရေး ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဖြည့်စွက်ရှင်းလင်းပြောကြား သည်။
ထို့နောက်ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်ဆန်းနိုင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အဆိုပြုတင်ပြလာသည့် အခြေခံပညာကျောင်းများအား စိစစ်ရွေးချယ်သတ်မှတ်နိုင်ရေးနှင့် စီမံကိန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များနှင့် အဆိုပြုတင်ပြလာသည့် မြစ်ကြီးနားခရိုင်မှ ထက်၊ လယ်၊ မူ အဆင့် ကျောင်း (၃)ကျောင်း၊ မိုးညှင်းခရိုင်မှ ကျောင်း (၂) ကျောင်းနှင့် ပူတာအို ခရိုင်မှ ကျောင်း(၃)အား စုစုပေါင်း အခြေခံပညာကျောင်း (၈)ကျောင်းအား စီမံကိန်းအကောင်အထည်ဖော်နိုင်ရေးအတွက် စိစစ်ရွေးချယ်အတည်ပြုခြင်း၊ ရန်ပုံငွေများ သတ်မှတ်၍ ခွဲဝေလျာထားပံ့ပိုးပေးသွားမည့် အစီအစဉ်များနှင့် ဆုရွေးချယ်ခြင်းအစီအစဉ်များကို ပေါင်းစပ်ညှိနှိုင်း၍ ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
ကချင်ပြည်နယ်အနေဖြင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းအစီအစဉ်ကို ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေများ ခွဲဝေချထားပြီး ကျောင်းအဆင့် သတ်မှတ်ချက်ဖြင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်စေခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်မှ စတင်၍ နှစ်စဉ် ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် ပြည်နယ်အဆင့် ဆုရကျောင်းများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ရာ ၂၀၂၄-၂၀၂၅ ခုနှစ်အထိ ကျောင်းပေါင်း (၂၈)ကို ပေးအပ်ချီးမြှင့်ခဲ့သည့် အပြင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မြစ်ကြီးနားမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အနေဖြင့် ပြည်နယ်အဆင့်၊ အမျိုးသားအဆင့် ပထမဆုများနှင့် လာအိုနိုင်ငံ၌ မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် ASEAN ECO-School Award (2023)ဆုများရရှိခဲ့ကြောင်း သိရသည်။
