ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ကြက်ခြေနီရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ကျောင်းပေါင်းစုံသင်တန်းဆင်းပွဲကျင်းပ

မြစ်ကြီးနား   စက်တင်ဘာ ၁၃

         ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ကြက်ခြေနီ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ကျောင်းပေါင်းစုံ သင်တန်းဆင်းပွဲနှင့် သင်တန်းမှ ဆုရရှိသူများကို ဆုများချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာ ၁၃ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနာယက ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက ယခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့၏ ဆောင်ပုဒ်ဖြစ်သည့် ဥတုဖောက်ပြန် သဘာဝဘေး ရန် ရှေးဦးပြုစုခြင်းဖြင့် တို့တုံ့ပြန်(First Aid and Climate Change)နှင့်အညီ သဘာဝဘေးကျရောက်လာပါက ကြက်ခြေနီ စေတနာလုပ်အားရှင်များအနေဖြင့် မိမိတို့ တတ်ကျွမ်းထားသည့် ရှေးဦးပြုစုခြင်း ပညာဖြင့်ကူညီဆောင်ရွက်ပေးသွားကြရမှာ ဖြစ်ပါကြောင်း၊ ရှေးဦးပြုစုခြင်းပညာရပ်ကို ကြက်ခြေနီစေတနာလုပ်အားရှင်များသာမက ရပ်ရွာလူထု အတွင်းရှိ ပြည်သူလူထုအားလုံး၊ မိတ်ဖက်အဖွဲ့အစည်းများအားလုံး လက်လှမ်းမီတတ်မြောက်ရေးနှင့် လူတိုင်းပါဝင်ဆောင်ရွက်နိုင်ရေး ဖိတ်ခေါ်စည်းရုံးသည်လည်း ကြက်ခြေနီတပ်ဖွဲ့ဝင်များ၏ အရေးကြီးတာဝန်တစ်ရပ်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လူမှုအသိုင်း အဝိုင်းအတွင်း လူသားချင်းစာနာမှုကို အခြေခံသည့် ရှေးဦးပြုစုခြင်း အလေ့အကျင့်ကောင်းများဖြင့် နိုင်ငံအကျိုးပြု၊ ပြည်သူ့အကျိုးပြု၊ လူမှုကရုဏာ လုပ်ငန်းများကို ယခုထက်ပိုမိုပြီး စံနမူနာပြ စွမ်းစွမ်းတမံတက်တက်ကြွကြွ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ကြက်ခြေနီတပ်ဖွဲ့ဝင် လူငယ်မောင်မယ်များက ကြက်ခြေနီဂုဏ်ပြုတေးသီချင်း သီဆိုဖျော်ဖြေခဲ့ကြပြီး မြို့နယ်အသင်းခွဲ ဥက္ကဋ္ဌ ဦးယော်ဘောမ်က ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်ထံမှ ပေးပို့လာသည့်သဝဏ်လွှာအားဖတ်ကြားပြီး မြို့နယ်အသင်းခွဲ ဒုတိယဥက္ကဋ္ဌ ဦးဘရန်ရှောင်က အခြေခံပညာ ကျောင်းပေါင်းစုံမှ ကျောင်းသားလူငယ်များအား ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဖွင့်လှစ်ပေးခဲ့သည့် ရည်ရွယ်ချက်များနှင့် သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြသည်။

          ယင်းနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အခြေခံပညာကျောင်းပေါင်းစုံ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းမှ ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုဆုတံဆိပ်များကို လည်းကောင်း၊ ကြက်ခြေနီမြို့နယ်အသင်းခွဲ ဥက္ကဋ္ဌက နည်းပြများအဖြစ် တာဝန်ယူဆောင် ရွက်ပေးခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ မြို့နယ်အသင်းခွဲ အမှုဆေင်က ကျေးဇူးတင်စကားပြန်လည်ပြောကြား သည်။

          ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ခန်းမအတွင်းပြသထားသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၏ လှုပ်ရှား‌ဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံပြခန်းနှင့် ရှေးဦးပြုစုခြင်းအတွက် သင်ထောက်ကူပစ္စည်းများပြခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။