မြစ်ကြီးနား ဖေဖော်ဝါရီ ၁၂
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားများနှင့်အတူ ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို ကချင်ပြည်နယ်အစိုးရအဖွဲ့ကဦးဆောင်၍ ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားကို နံနက် ၅ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်ရာ ဂုဏ်ပြုတပ်ဖွဲ့ နှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရဦးဆောင်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား လွှင့်တင်ခဲ့ကြပြီး နိုင်ငံတော်အလံအား စုပေါင်းအလေးပြုခဲ့ကြသည်။
ယင်းနောက် နံနက် ၇ နာရီတွင် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချူပ် တိုင်းမှူးဗိုလ်မှူးချုပ် အောင်ဇော်ထွေးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့ အသီးသီးမှခေါင်းဆောင်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ဦးစွာဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နိုင်ငံတော်အလံအား အလေးပြုကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ် (၇၉)နှစ် မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့လာသည့်သဝဏ်လွှာအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဖတ်ကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့က (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အခြေခံပညာ ထက်၊ လယ်၊ မူအဆင့် စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြပြီး အခမ်းအနားတက်ရောက်လာကြသည့် အသင်းအဖွဲ့အသီးသီးနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ Northern Star Golf Club ၌ ပြည်နယ်အစိုးရ အဖွဲ့က ကြီးမှူးကျင်းပသည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲသို့တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက စပေးဘောဖြစ်သည့် Smoke Ball ကို ရိုက်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် လူထုအားကစားလှုပ်ရှားမှုအဖြစ် Zumba Festival စုပေါင်းအကပြိုင်ပွဲ ကျင်းပပြုလုပ်နေမှုကိုလည်းကောင်း၊ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ သယံဇာတရေးရာဝန်ကြီးဌာနနှင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော အမျိုးသမီးအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ အသင်း (၈)သင်း ပါဝင်ယှဉ်ပြိုင်ကျင်းပနေမှုကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြပြီး အားကစားပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့အပြင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်စီမံမှုဖြင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားဆပ်ကော်မတီအသီးသီးတို့ ပူးပေါင်း၍ ငြိမ်းချမ်းသာယာအားကစားရပ်ဝန်းအတွင်း၌ ရိုးရာခြင်းလုံးပြိုင်ပွဲကို ဝါသနာရှင်အဆင့်မှ ကျွမ်းကျင်အဆင့်အထိ အသင်းပေါင်း (၈)သင်းဖြင့်လည်း ကောင်း၊ ဘောလုံးကွင်းအတွင်း၌ ကလေးငယ်များအတွက် ခေါင်းအုံးရိုက်၊ အာလူး ကောက်၊ ဂုံနီအိတ်စွတ်အပြေးပြိုင်ပွဲ၊ မီတာ ၁၀၀ နှင့် မီတာ ၂၀၀ အပြေးပြိုင်ပွဲများ၊ ဘောလုံးပစ်ဖမ်းပြိုင်ပွဲများ စသည်ဖြင့် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများကိုလည်းကောင်း၊ ငြိမ်းချမ်းသာယာဘက်စုံသုံး အားကစားရုံ (၃)ထပ်ဆောင်၌ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလွတ်တန်း ဘိလိယက်နှင့် စနူကာပြိုင်ပွဲကိုလည်းကောင်း၊ ဧရာရပ်ကွက်အတွင်းရှိ မနောဧရာရေကူးကန်၌ အသက်အရွယ်အလိုက် ရေကူးပြိုင်ပွဲများနှင့် ရေကူးသရုပ်ပြပွဲများကိုလည်းကောင်း၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ အလွတ်တန်းစစ်တုရင်ပြိုင်ပွဲကိုလည်းကောင်း ကျင်းပယှဉ်ပြိုင်လျက်ရှိရာ တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။









