ဝိုင်းမော် ဒီဇင်ဘာ ၉
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade –12 အောင်ချက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲများနှင့် Grade –12 အောင်ချက်မြင့်မားရေးအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး တေဇခန်းမ၌ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်သင်ကြားရေးဆရာ/ ဆရာမများ၊ Grade-12 ကျောင်းသား/ကျောင်းသူများနှင့်တွေ့ဆုံကာ မြို့နယ်အလိုက် Grade-12 အောင်ချက်ရာခိုင်နှုန်းမြင့်မားလာသည်နှင့်အမျှ ပြည်နယ်၏ အောင်ချက်ရာခိုင်နှုန်း တိုးတက်မြင့်မားလာမည်ဖြစ်သဖြင့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မိဘများ ဝိုင်းဝန်းကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် Grade-12 စားမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများ၏ ဘာသာရပ်ဆိုင်ရာ အားနည်းချက်၊ လိုအပ်ချက်များကို ဖြည့်ဆည်း လမ်းညွှန်ပေး ခြင်းဖြင့် ကြိုးပမ်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ဝိုင်းမော်မြို့နယ်၏ ၂၀၂၁ ခုနှစ်အတွက် ပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်သော မြို့ကြီးများဆု (ASEAN ESC Award 2021) ဝင်ရောက်ယှဉ်ပြိင်ခဲ့ရာ တစ်နိုင်ငံလုံးတွင် ဒုတိယဆုရရှိခဲ့သည့် ဗီဒီယိုကလစ်နှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့်ပတ်သက်၍ အမိုက်ခွဲခြားစွန့်ပစ်မှုအသိပညာပေးဗီဒီယိုကလစ်ဖွင့်လှစ် ပြသမှုအား ကြည့်ရှုအားပေးခဲ့ကာ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်ဆန်းနိုင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အသိပညာပေးဟောပြောဆွေးနွေးဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးက အဆိုပါကျောင်းမှ Grade-12 ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံး ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်စသည့်စာရေးကိရိယာများနှင့် ဆရာ/ဆရာမများအတွက် ထောက်ပံ့ချီးမြှင့်ငွေကျပ်သိန်း(၂၀) ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းနှင့် ခတ်ချိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး Grade –12 အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်သွားရမည့် သင်ကြားရေးဆိုင်ရာဖြည့်ဆည်းပေးရမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟော ပြောပွဲများကို ကျင်းပပြုလုပ်ခဲ့ကြကာ အဆိုပါကျောင်းများ၌ တက်ရောက်ပညာသင်ကြားနေသော Grade-12 ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာများကိုလည်းကောင်း၊ ဆရာ/ဆရာမများအတွက် တစ်ကျောင်းလျှင် ငွေကျပ်သိန်း (၂၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် သိန်း (၄၀)ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည့်အပြင် အခြေခံပညာအထက်တန်းကျောင်း (ခတ်ချို) တွင် သြဂုတ်လမှ စတင်၍ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအတွက် (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော အခြေခံစက်ချုပ်သင်တန်းအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးသည် ဝိုင်းမော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများ၊ နေ့စားလုပ်သားဝန်ထမ်းများနှင့် သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်၊ တာဝန်ထမ်းဆောင်ရာတွင်လည်း လုံခြုံရေးသတိ/အသိဖြင့် လုပ်ဆောင်ကြရန်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကြရန်၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးဦးကျော်လင်းက မြို့သန့်ရှင်းသာယာလှပရေးအတွက် ဘဏ္ဍာနှစ်အလိုက် ဘဏ္ဍာငွေခွဲဝေလျာထားမှု အခြေအနေများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးတင်မောင်ထွေးက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် နေ့စားလုပ်သားဝန်ထမ်း စုစုပေါင်း (၉၅) ဦးတို့အတွက် ဆန် (၉၅) အိတ်၊ ဆီ ၅၀ ကျပ်သား (၉၅) ဘူး နှင့် ကြက်ဥ (၉၅၀၀) လုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် ဝိုင်းမော်မြို့အဝင် စည်းလုံးခြင်းရုပ်တုပန်းခြံ၊ ဝိုင်းမော် စက်လှေဆိပ်ရှိ Waing Maw River View ပန်းခြံနှင့် ဧရာမော်ပန်းခြံများတွင် အများပြည်သူလွတ်လပ်စွာ လာရောက်အပန်းဖြေလည်ပတ်နိုင်ရေး အဆင့်မြှင့်တင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပန်းခြံများသန့်ရှင်းသာယာလှပရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။








