ဝိုင်းမော် ဒီဇင်ဘာ ၁၀
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade –12 အောင်ချက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၀ ရက်နေ့က ဝိုင်းမော်မြို့ နယ် ကျေးရွာများရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ Grade –12 အောင်ချက်မြင့်မားရေးအတွက် ကျောင်းသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် ဝိုင်းမော်မြို့နယ်၊ ဂွေထုကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ဂွေထု)သို့ သွားရောက်ပြီး ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်၊ သင်ကြားရေးဆရာ/ ဆရာမများ၊ Grade-12 ကျောင်းသား/ကျောင်းသူများနှင့်တွေ့ဆုံကာ Grade-12 ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊ ဘောပင် စသည့် စာရေးကိရိယာများနှင့် ကျေးရွာမှတဆင့် ဝိုင်းမော်မြို့ပေါ်ရှိစာစစ်ဌာနများသို့ သွားလာရေးစရိတ်အဖြစ် ငွေကျပ် (၁၅) သိန်းကိုလည်းကောင်း၊ ဆရာ/ ဆရာမများအတွက် ထောက်ပံ့ချီးမြှင့်ငွေကျပ်သိန်း (၂၀)ကိုလည်းကောင်း ထောက်ပံ့ချီးမြှင့်ခဲ့ကာ ပြည်နယ်ဝန်ကြီးက ကျောင်းသား/ကျောင်းသူများအား အားပေးစကားပြောကြားခဲ့သည်။
ထိုမှတစ်ဆင့် နောင်ချိန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ပြီး ပြည်နယ်ဝန်ကြီးက မြို့နယ်အလိုက်၊ ကျောင်းအလိုက် Grade-12 အောင်ချက်ရာခိုင်နှုန်းမြင့်မားလာစေရေး ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မိဘများက ဝိုင်းဝန်းကြိုးစားကြရမည်ဖြစ်ပါ ကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် Grade-12 စားမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများ၏ ဘာသာရပ်ဆိုင်ရာအားနည်းချက်၊ လိုအပ်ချက်များအပေါ် စဉ်ဆက်မပြတ်အကဲဖြတ်သုံးသပ်၍ ဖြည့်ဆည်းလမ်းညွှန်သင်ကြားပေးကြရန်လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ဝိုင်းမော်မြို့နယ်၏ ၂၀၂၁ ခုနှစ်အတွက် ပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော မြို့ကြီးများဆု (ASEAN ESC Award 2021) ဝင်ရောက်ယှဉ်ပြိင်ခဲ့ရာ တစ်နိုင်ငံလုံးတွင် ဒုတိယဆုရရှိခဲ့သည့် ဗီဒီယိုကလစ်နှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့်ပတ်သက်၍ အမိုက်ခွဲခြားစွန့်ပစ်မှုအသိပညာပေးဗီဒီယိုကလစ်ဖွင့်လှစ်ပြသမှုအား ကြည့်ရှုအားပေးခဲ့ကာ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်ဆန်းနိုင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အသိပညာပေးဟောပြောဆွေးနွေးဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးက အဆိုပါကျောင်းမှ Grade-12 ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံး ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်စသည့်စာရေးကိရိယာများနှင့် ဆရာ/ဆရာမများအတွက် ထောက်ပံ့ချီးမြှင့်ငွေကျပ်သိန်း(၂၀) ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့ဝင်များသည် မိုင်းနားကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (မိုင်းနား)သို့ သွားရောက်ပြီး Grade –12 အောင်ချက်မြင့်မားရေးအတွက် သင်ကြားရေးဆိုင်ရာဖြည့်ဆည်းပေးရမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို ကျင်းပပြုလုပ်ခဲ့ကြကာ အဆိုပါကျောင်း၌ တက်ရောက်ပညာသင်ကြားနေသော Grade-12 ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာများကိုလည်းကောင်း၊ ဆရာ/ဆရာမများအတွက် ငွေကျပ်သိန်း (၂၀)ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည့်အပြင် ကျောင်းအုတ်တံတိုင်း ပြုပြင်တည်ဆောက်နိုင်ရေးအတွက် ငွေကျပ်(၁၀)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။




