တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်း ပဉ္စမနေ့ကျင်းပ၊ ကချင်ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပ‌ဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်တရား သူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် အဆိုပြုအမည်စာရင်းတင်သွင်း

မြစ်ကြီးနား ဧပြီ ၇

          တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးရှိသည့်အနက် ၄၅ ဦးလုံး တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာသည်။

ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကချင်ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူက ဝန်ကြီးဌာနခုနှစ်ခု၏ အမည်စာရင်းနှင့်စပ်လျဉ်း၍  ပြည်နယ်လွှတ်တော်သို့ အဆိုပြုတင်သွင်းလာမှုအပေါ် လွှတ်တော်ကဆွေးနွေးနိုင်ရေး ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့အတူ ကချင်ပြည်နယ်ဥပဒေချုပ်၊ ကချင်ပြည်နယ်စာရင်းစစ်ချုပ်တို့အား ခန့်အပ်တာဝန်ပေးနိုင်ရန် ကချင် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူက အဆိုပြုလာမှုအပေါ် လွှတ်တော်က ဆွေးနွေးနိုင်ရေး ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ထပ်မံကြေညာသည်။ ယင်းနောက် ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသူက အဆိုပြုလာသည့် အမည်စာရင်းအား လွှတ်တော်သို့တင်ပြခြင်းနှင့် ကချင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူက အဆိုပြုလာသည့် အမည်စာရင်းများအား လွှတ်တော်သို့တင်ပြပြီး ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များအမည် စာရင်းတင်သွင်းနိုင်ကြောင်းနှင့် လွှတ်တော်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပမည့်နေ့ရက်နှင့် အချိန်အားကြေညာကာ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ရပ်နားလိုက်သည်။