ဒီဇင်ဘာအားကစားလ ပထမအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲအား မြစ်ကြီးနားမြို့၌ လူဦးရေ ၁၅၀၀ ကျော် ပါဝင်ဆင်နွှဲ၊ စီတာပူမနောကွင်း၌ ကိုယ်ကာယကြံ့ခိုင်မှုများ စုပေါင်းဆောင်ရွက်ခဲ့

မြစ်ကြီးနား  ဒီဇင်ဘာ ၆

          ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၌ ဒီဇင်ဘာပထမအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာများ၊ ‌ဒေသခံပြည်သူလူထုများစွာ တက်ရောက်ဆင်နွှဲခဲ့ကြပြီး စီတာပူမနောကွင်းအတွင်း ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းများကို တစ်ပျော်တစ်ပါး စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

          အဆိုပါ လမ်းလျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ အရာထမ်း/အမှုထမ်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် သူနာပြုသင်တန်းကျောင်းတို့မှ သင်တန်းသား/ သင်တန်းသူများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့ စုရပ်မှ တာလွှတ်ခဲ့ကြကာ အား/ကာတိုက်တန်းလမ်းမှ ရုံးကြီးလမ်း၊ ထိုမှတစ်ဆင့် သခင်နက်ဖေလမ်းအတိုင်း စီတာပူမနောကွင်းအထိ တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

          ထို့နောက် မနောကွင်းအတွင်း၌ စုပေါင်းကိုယ်ကာယကြံ့ခိုင်မှု အတွဲ အမှတ် (၁)နှင့် (၂) တို့ကို စုပေါင်းဆောင်ရွက်ခြင်း၊ Fitness Dance ဖြင့် လေ့ကျင့်ကကြခြင်းတို့ကို တစ်ပျော်တစ်ပါးစုပေါင်းလေ့ကျင့်ခဲ့ကြပြီး လမ်းလျှောက်ပွဲတက်ရောက်ဆင်နွှဲကြသူများအား အားကစားနှင့်ကာယပညာဦးစီး ဌာနမှ အိမ်သုံးပစ္စည်းများကို ဗလာမပါကံစမ်းမဲဖောက်၍ ပေးအပ်ခဲ့ကြကြောင်း သိရသည်။