မြစ်ကြီးနား စက်တင်ဘာ ၂၄
ကချင်ပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်သည် စက်တင်ဘာ ၂၄ ရက် နံနက် ၉ နာရီက ဗန်းမော်ခရိုင်၊ မံစီနှင့် မိုးမောက်မြို့နယ်များအတွက် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ တာဝန်ရှိသူများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် ရည်ရွယ်ထားရှိပါကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေး၊ နည်းလမ်းကျန မှန်ကန်မှုရှိစေရေး၊ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု အီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း သင်တန်းတက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း သင်တန်းမှ ပို့ချ လိုက်သည်များကို သိရှိနားလည်၍ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုတတ်အောင် ကြိုးစား သင်ယူကြရေး၊ နိုင်ငံ့ဝန်ထမ်းများပီသစွာ မိမိတို့ကျရာအခန်းကဏ္ဍအလိုက် တာဝန်ကျေပွန်စွာထမ်း ဆောင်သွားကြရေးနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ် တစ်ခုလုံး အောင်မြင်အောင် သမိုင်းပေးတာဝန် တစ်ရပ်အနေဖြင့် မှတ်ယူပြီး ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြား သည်။
ထို့နောက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးမျိုးမင်းဦးက အီလက်ထရောနစ်မဲပေးစက်ဖြင့် အသုံးပြုဆောင်ရွက်သွားမည့် အခြေအနေများနှင့် မဲပေးစက်ကိုင်တွယ် အသုံးပြုပုံ၊ အားသာချက်များနှင့် အကျိုးကျေးဇူးများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက သင်တန်းအတွက် ထောက်ပံ့ငွေကျပ် ၁၇၃ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကာ သင်တန်းသား/ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။
ယင်းနောက် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်အတွင်းရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ ခန်းမ၌ တက္ကသိုလ်ဝင်တန်း Grade -12 တက်ရောက်နေကြသည့် ကျောင်းသား/ ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများအား အသက် (၁၈) နှစ်ပြည့်၍ ပထမဆုံးအကြိမ်အဖြစ် မဲစတင်ပေးကြမည့် လူငယ်များအတွက် ပညာပေးအစီအစဉ် (First Time Voter Education)အား သွားရောက်ကြည့်ရှုအားပေးကြသည်။
ထိုသို့ ပညာပေးအစီအစဉ် ဆောင်ရွက်ရာတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ တာဝန်ရှိသူများက ရွေးကောက်ပွဲတွင် သက်ဆိုင်ရာလွှတ်တော်အလိုက် မဲပေးဆောင်ရွက်သွားရမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခြင်း၊ ကျောင်းသား/ ကျောင်းသူများနှင့် အသက်(၁၈)ပြည့်ပြီးသည့် လူငယ်/ လူရွယ်များ၊ ရပ်ကွက်နေပြည်သူများအား သက်ဆိုင်ရာလွှတ်တော်အလိုက် အီလက်ထရောနစ် မဲပေးစက်ကို အသုံးပြု၍ မဲပေးခြင်းလုပ်ငန်းအပေါ် အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း လက်တွေ့ စမ်းသပ်သရုပ်ပြ မဲပေးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ ကျောင်းသား/ ကျောင်းသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်အဆင့်တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ ထွေထွေရွေးကောက် ပွဲတွင် အသုံးပြုမည့် မဲပေးစက်များ၊ မဲရုံသုံးပစ္စည်းများကို သက်ဆိုင်ရာမြို့နယ်များသို့ စနစ်တကျသယ်ယူပို့ဆောင်ဖြန့်ခွဲနိုင်ရေး၊ အချိန်မီရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ရေးတို့အတွက် လိုအပ်သည့် အုပ်ချုပ်/ ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များ၊ လုံခြုံရေးအစီအမံများနှင့် စပ်လျဉ်း၍ ညှိနှိုင်းပေါင်းစပ်ဆွေးနွေးဆောင်ရွက်ကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုသွားမည့် အီလက်ထရောနစ်မဲပေးစက်ပုံးများ ထိန်းသိမ်းထားရှိမှု အခြေအနေများနှင့် မဲပေးစက်တွင် အသုံးပြုမည့် ၁၂ ဗို့ ဘက္ကထရီများ အားကြာရှည်ခံနိုင်မှု အခြေ အနေများ၊ အခြားဆက်စပ်ပစ္စည်းများ စနစ်တကျထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးသည်။
အလားတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်သည် ယမန်နေ့ ညနေ ပိုင်းကလည်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြည်နယ်/ ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် တာဝန်ထမ်းဆောင်နေကြသော အရာထမ်း/ အမှုထမ်း ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ကချင် ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲအကြို လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးဆောင်ရွက်ခဲ့ကြပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




