ဝိုင်းမော် ဇန်နဝါရီ ၁၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ဝိုင်းမော်မြို့နယ်အတွင်း မဲရုံ (၂၉)ရုံဖွင့်လှစ်၍ မဲဆန္ဒရှင်ပြည်သူများ ယနေ့ နံနက် ၆ နာရီက စတင်ဖွင့်လှစ်လျက်ရှိသော သက်ဆိုင်ရာမဲရုံအသီးသီး၌ တည်ငြိမ်အေးချမ်းစွာ ဆန္ဒမဲပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်တာဝန်ခံ ဦးခင်ဇော်နှင့်အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားရှိသည့် မဲရုံအမှတ် (၃၉)နှင့် မဲရုံအမှတ်(၄၄)သို့ရောက်ရှိပြီး ကျေးရွာနေပြည်သူများ တည်ငြိမ်အေးချမ်းစွာ စနစ်တကျဆန္ဒမဲပေးနေမှု အခြေအနေများကို လှည့်လည်စစ်ဆေးခဲ့ကြပြီး ပြည်သူများ အစဉ်ပြေ ချောမွေ့စွာမဲပေးနိုင်ရေး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်တာဝန်ခံသည် နောင်တာလောကျေးရွာအတွင်း အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ဖွင့်လှစ်ထားသော မဲရုံအမှတ်(၃၈)၌လည်းကောင်း၊ ရပ်ကွက်(၁)အတွင်း အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော မဲရုံအမှတ် (၁)နှင့် အမှတ်(၄) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဖွင့်လှစ်ထားရှိသော မဲရုံအမှတ် (၂)တို့၌လည်းကောင်း၊ ရပ်ကွက် (၄)အတွင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ) သာဂရတွင် ဖွင့်လှစ်ထားသော မဲရုံအမှတ် (၆)နှင့် မဲရုံအမှတ် (၇)တို့၌လည်းကောင်း၊ ရပ်ကွက် (၃)အတွင်း အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော မဲရုံအမှတ် (၂၇)နှင့် မဲရုံအမှတ်(၂၈)၌ လည်းကောင်း၊ မိုင်းနားကျေးရွာအုပ်စု မခေါယန်ကျေးရွာအတွင်း အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဖွင့်လှစ်ထားသော မဲရုံအမှတ် (၄၀) ၌ ဒေသခံပြည်သူများ တည်ငြိမ်အေးချမ်းစွာ လျှို့ဝှက်ဆန္ဒမဲပေးနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ၊ မဲရုံတာဝန်ရှိဝန်ထမ်းများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


