မြစ်ကြီးနားမြို့၌ ဝန်ထမ်းသား/သမီးများအား နွေရာသီ အင်္ဂလိပ်စာ(ထက်၊ လယ်၊ မူအဆင့်)နှင့် ကွန်ပျူတာ(လယ်၊ ထက်အဆင့်)သင်တန်းဖွင့်ပွဲနှင့် (၈၁)နှစ်မြောက် တပ်မတော် နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းဆောင်သစ်ဖွင့်ပွဲလှစ်

မြစ်ကြီးနား မေ ၂၄

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းဝန်ထမ်းသား/သမီးကျောင်းသား/ ကျောင်းသူများအား နွေရာသီအင်္ဂလိပ်စာ (ထက်၊ လယ်၊ မူအဆင့်)သင်တန်းနှင့် ကွန်ပျူတာ(လယ်၊ ထက်အဆင့်)သင်တန်းများ ယနေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

          အဆိုပါ သင်တန်းများဖွင့်ပွဲကို ဝန်ထမ်းသား/ သမီးကျောင်းသား/ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတကာအသုံးပြုမှု အများဆုံးဘာသာ စကားဖြစ်သည့် အင်္ဂလိပ်စာစွမ်းရည်ကို ခေတ်စနစ်နှင့် လျော်ညီစွာအခြေခံတတ်မြောက်ထားရန်မှာလည်း အလွန်ပင် အရေးကြီးလှပါကြောင်း၊ ထို့အပြင် နည်းပညာအခြေခံဖြစ်သည့် ကွန်ပျူတာစွမ်းရည်ကို လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်သည့်အတွက် ဝန်ထမ်းသား/သမီးမိသားစုများ တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်သည့်အတွက် ကြိုးစားသင်ယူကြရန်နှင့် ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့၏မိသားစုဝင်များ၊ သားသမီးများအား သင်တန်းမှန်ကန်စွာတက်ရောက်နိုင်ရေး ပံ့ပိုးပေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်လွင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက သင်တန်းဖွင့်လှစ်ပို့ချမည့် အစီအစဉ်အား ရှင်းလင်းတင်ပြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်း ရေးမှူးနှင့်ဇနီးတို့က သင်တန်းတက်ရောက်ကြမည့် ဝန်ထမ်းသား/သမီး ကျောင်းသား/ကျောင်းသူများအတွက် သင်တန်းအထောက်အကူပြု စာရေးကိရိယာများကို အသီးသီးပေးအပ်ခဲ့ကြရာ သင်တန်းသား/သင်တန်းသူများက မြန်မာ့ကျောင်းသီချင်းအား အင်္ဂလိပ်ဘာသာဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ကြသည်။

          ယင်းနောက် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်အတွင်းရှိ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၌ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သော RCC (၃)ထပ် စာသင်ဆောင်သစ်အား(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

          အဆိုပါ ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများတက်ရောက်ခဲ့ကြပြီး ဘင်ခရာ၊ ပန်းပွားအဖွဲ့ နှင့်အတူ ကျောင်းဆောင်သစ်အား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ကျောင်းဆောင်သစ်အတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့နောက် ကျောင်းခန်းမ၌(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကိုဆက်လက်ကျင်းပရာ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက ကချင်ရိုးရာတေးသီချင်း သရုပ်ဖော်အကအလှဖြင့်ဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့က ဖျော်ဖြေရေးအဖွဲ့များနှင့် ဘင်ခရာ/ပန်းပွားအဖွဲ့တို့အတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြရာ ကျောင်းသား/ ကျောင်းသူလေးများက သင်္ကြန်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

          ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပသည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ်သင်္ကြန်ပွဲ‌တော်ကို မိရိုးဖလာမြန်မာ့ထုံးစံနှင့်အညီ ကျင်းပပြုလုပ်နိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် ဆပ်ကော်မတီအသီးသီးအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ပေးနိုင်ရေး ဆွေးနွေးပေးကြရန်လိုအပ်ပါကြောင်း ပြောကြားပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သင်္ကြန်ရေကစားပွဲတော်၊ လမ်းလျှောက်သင်္ကြန်ပွဲတော်ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များ၊ မြန်မာနှစ်ဆန်း (၁)ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲများ ကျင်းပပြုလုပ်နိုင်ရေး ဆပ်ကော်မတီအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သုံးသပ်ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။           တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။