မြစ်ကြီးနား ဇွန် ၂
မြန်မာပြည်မြောက်ဖျားပိုင်း မေခနှင့် မလိခမြစ်အထက်ပိုင်းတွင် မိုးအဆက်မပြတ် သည်းထန် စွာ ရွာသွန်းမှုကြောင့် မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေသည် မေလ ၃၁ ရက်နေ့မှ စတင်မြင့်တက်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် မြို့၏ စိုးရိမ်ရေအမှတ် ၁၂၀၀ အထက် ၁၂၀၅ စင်တီမီတာထိ မြင့်တက်ခဲ့သ ဖြင့် မြစ်ကြီးနားမြို့၌ ရေဝင်ရပ်ကွက် ဧရိယာတိုးလာပြီး ရေဘေးကယ်ဆယ်ရေးအဖွဲ့စုရပ်အဖြစ် နေရာသစ် (၂) ထပ်တိုးပြီး (၈)နေရာအထိ ဖွင့်လှစ်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရပြီး မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းများနှင့် ခရစ်ယာန်ဘာသာရေး ကျောင်းများတွင် ရေဘေးကယ်ဆယ်ရေးစခန်း (၃၀)ခုထိ တိုးချဲ့ဖွင့်လှစ်ထားခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တပ်မတော်ရာရှိကြီးများ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန် ၁ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ပေါ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ခဲ့ကြရာ ရှေးဦးစွာ မြို့သစ်ကြီးရပ်ကွက် အောင်ဇေ ရန်အောင်ဘုန်းတော်ကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်ခဲ့ကြပြီး ရေဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ အဆိုပါစခန်းရှိ ရေဘေးသင့်အိမ်ထောင်စု (၁၅၀)စု တို့အတွက် ထောက်ပံ့ငွေကျပ် (၃၄၅၅၀၀၀)ကျပ်၊ ဆန်၊ ဆီနှင့် ကြက်ဥ၊ ခေါက်ဆွဲခြောက်ဘူးများ၊ ဆန်ပြုတ်ဘူးများနှင့် ရေသန့်ဘူးများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ မြေမြင့်ရပ်ကွက်အတွင်းရှိ မြေမြင့်ဘုန်းတော်ကြီးကျောင်းရေဘေးကယ်ဆယ် ရေးစခန်းသို့ သွားရောက်ပြီး အိမ်ထောင်စု (၇၃)စု၊ လူဦးရေ (၃၁၆)ဦးတို့အတွက် ငွေကျပ် ၁၅၈၀၀၀၀ နှင့် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ဆန်ပြုတ်ဘူးများ၊ ရေသန့်ဘူးများကို လည်းကောင်း၊ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း (ဇီးလွန်) ရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၃၂၇)စု၊ လူဦးရေ (၁၆၂၅)တို့အတွက် ငွေကျပ် ၈၁၂၅၀၀၀ နှင့် စားသောက်ကုန်ပစ္စည်းများကို လည်း ကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အိမ်ထောင်စုများအား နေထိုင်စားသောက်မှု အဆင်ပြေစေရေး စခန်းအလိုက် ချက်ပြုတ်ရေးအဖွဲ့များ စုဖွဲ့ပြီး ကျွေးမွေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဗလမင်းထင်တံတားပေါ် မှတစ်ဆင့် ဧရာဝတီမြစ်ရေ ကြီးမြင့်မှု အခြေအနေနှင့် ဝိုင်းမော်မြို့နယ်၊ မိုင်းနားဘက်ကမ်းရှိ တည် ဆောက်ပြီးစီးခဲ့သည့် ရေထိန်းတမံ အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၈ နာရီခွဲတွင် ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုဖြစ်သည့် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း (ဇီးလွန်)သို့ သွားရောက်ပြီး အိမ်ထောင်စုများ နံနက်၊ နေ့လည်နှင့် ညစာချက် ပြုတ်ကျွေးနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ မိသားစုအတွက် နံနက်စာအဖြစ် ခေါက်ဆွဲခြောက်ဘူးများနှင့် ရေသန့်ဘူးများကို ဝေငှပေးအပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြို့သစ်ကြီးရပ်ကွက်၊ ပြည်ထောင်စု လမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းဆုံနေရာ၌ ရေဘေးကယ်ဆယ်ရေးစုရပ် နေရာသစ်အဖြစ် ဖွင့်လှစ်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးကူညီရေးအသင်းအဖွဲ့များ ပါဝင်သည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် များ စုဖွဲ့ဆောင်ရွက်ထားရှိမှုကို မြစ်ရေအနည်းငယ် ရပ်တန့်နေပြီဖြစ်သော်လည်း သတိအနေအထား ဖြင့် ပြည်သူများအား အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်ကြရန်လိုကြောင်း အားပေးအမှာစကား ပြောကြားခဲ့ပြီး မြစ်ရေကြီးမြင့်မှု အခြေအနေနှင့် စပ်လျဉ်း၍ စည်ပင်သာယာဆိပ်ကမ်းမှ တစ်ဆင့် ဧရာဝတီမြစ်ရေအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ မြစ်ရေကြီးမြင့်မှုသည် မြစ်ကြီးနားမြို့၌ မေ ၁ ရက်နေ့တွင် စိုးရိမ်ရေမှတ်အောက် ၁၁၀၅ စင်တီမီတာတွင် ရပ်တန့်နေရာမှ ညနေပိုင်းမှ စတင်၍ တဖြေးဖြေးထပ်မံမြင့်တက်လာပြီး ယနေ့ နံနက် (၆)နာရီခွဲ အချိန် တိုင်းတာချက်အရ စိုးရိမ်ရေအမှတ်အထက် ၁၂၀၅ စင်တီမီတာထိ မြင့်တက်ခဲ့သဖြင့် မြစ်ကြီးနားမြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ ရမ်ပူ၊ မြို့သစ်ကြီး၊ ရေကြည် ရပ်ကွက်များအပါအဝင် မြေနိမ့်နေရာများတွင် ရေဝင်ရောက်ခဲ့သည့် အပြင် အင်ဂျန်းခချောင်းမှ မြစ်ရေစီးဝင်မှုကြောင့် စီတာပူ မနောကွင်းအတွင်း ရေဝင်လျက်ရှိပြီး ယနေ့ မွန်းလွဲပိုင်းအထိ မြို့ပေါ်ဘုန်းတော် ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ခရစ်ယာန်ဘာသာရေး ဘုရားကျောင်းများတွင် စုစုပေါင်း ရေဘေးကယ်ဆယ်ရေးစခန်း (၃၀)ထိ ဖွင့်လှစ်ထားခဲ့ရပြီး အိမ်ထောင်စု (၂၂၅၇)စု၊ လူဦးရေ (၁၀၃၇၅)တို့အား ကယ်ဆယ်ရွေ့ပြောင်း ထောက်ပံ့ပေးအပ်လျက်ရှိ သည်။
ထို့အပြင် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ဖြေဆိုရာတွင် စာမေးပွဲစည်းမျဉ်းစည်းကမ်းနှင့်အညီ ဖြေဆိုနိုင်ရေး၊ မသမာမှုကင်းရှင်းမှုရှိစေရေးနှင့် ပြည်နယ်ဂုဏ်ဆောင်နိုင်ရေးအတွက် ခရိုင်ပညာရေး မှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် ကြီးကြပ်ရေးမှူးများအား မှာကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်နယ်အတွင်း ပြန်လည်ကျင်းပပြုလုပ်နိုင်ရေးအတွက် ကျောင်းသား/ ကျောင်းသူအားလုံး ဖြေဆို နိုင်ရေး သင်ခန်းစာများကို စခန်းသွင်း၍ ပြန်လည်လေ့ကျင့်သင်ကြားခြင်းကို စီစဉ်ဆောင်ရွက်ပေးခဲ့ ပါကြောင်း၊ သို့ဖြစ်ပါ၍ စာမေးပွဲကျင်းပရာတွင် သတ်မှတ် စည်းမျဉ်း/ စည်းကမ်းနှင့်အညီ၊ ညွှန်ကြား ချက်များနှင့်အညီ အလေးအနက်ထား လိုက်နာ၍ တည်ငြိမ်အေးချမ်းစွာ ကျင်းပပြုလုပ်နိုင်ရေးသည် အရေးကြီးပါကြောင်းနှင့် ဒုတိယအကြိမ်ရရှိသည့် အခွင့်အရေးဖြစ်သည့်အတွက် မိမိတို့အားလုံးက အတူတကွ ဝိုင်းဝန်းကြိုးစားကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်တို့က စာမေး ပွဲကျင်းပပြုလုပ်ရာတွင် လည်းကောင်း၊ ကျောင်းသား/ ကျောင်းသူများ ဖြေဆိုရာတွင် လည်းကောင်း ပညာရေးဝန်ကြီးက သတ်မှတ်ထားသည့် စည်းမျဉ်း/ စည်းကမ်းများနှင့် ညွှန်ကြားချက်များအပေါ် အလေးထားလိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ပညာရေးမှူး က စာမေးပွဲပြန်လည်ကျင်းပသွားမည့် အစီအစဉ်များနှင့် ကျောင်းသား/ကျောင်းသူ ၈၆၉၈ ဦးအနက် ၈၆၉၅ ဦး ဖြေဆိုသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။









