မြစ်ကြီးနား နိုဝင်ဘာ ၁၆
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၌ ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
အဆိုပါ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကချင်ပြည်နယ်အတွင်းရှိ ပြည်နယ်/ ခရိုင်/ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မှူးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်များရှိ လျှပ်စစ်ဝန်ထမ်းများ၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လက်ရှိဓာတ်အား လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထုတ်လုပ်ရရှိသော လျှပ်စစ်ဓာတ်အားများကိုလည်း ပြည်သူများထံသို့ ပိုမိုတိုးတက်ဖြန့် ဖြူးပေးနိုင်ရေးအတွက် ပို့လွှတ်ရေးဓာတ်အားလိုင်းများနှင့် ဖြန့်ဖြူရေးဓာတ်အားလိုင်းများ တိုးတက်ကောင်းမွန်အောင်၊ ဟန်ချက်ညီညီစီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ဓာတ်အားပြည့်ပြည့်ဝဝဖြန့်ဖြူးပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာအလေ့အလွင့်မရှိစေရေး မြို့နယ်များအလိုက် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေး အလေးထားဆောင်ရွက်သွားရန်နှင့် ဓာတ်အားခကြွေးကျန်များ အပြည့်အဝကောက်ခံရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် တရားမဝင်ဓာတ်အားသုံးစွဲမှုများ မရှိစေရေးအတွက် စစ်ဆေးရေးအဖွဲ့ များ ဖွဲ့စည်းပြီး စစ်ဆေးဖော်ထုတ်အရေးယူဆောင်ရွက်သွားကြရန်၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့အား ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားရန်နှင့် အဆင့်ဆင့်စစ်ဆေးကြပ်မတ်ဆောင်ရွက်ကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြည်သူကို ဝန်ဆောင် မှုပေးနေသည့် ဌာနဖြစ်သည့်အတွက် ပြည်သူများကို ယဉ်ကျေးပျူငှာစွာဖြင့် စေတနာထား၍ အကောင်းဆုံးဝန်ဆောင်မှုပေးရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ပုံရိပ်ကို မြှင့်တင်၍ ပြည်သူလူထုက လေးစားရသော ဝန်ထမ်းကောင်းများဖြစ်စေရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဝန်ထမ်းအိမ်ရာများနှင့် ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး အမြဲဆောင်ရွက်ကြရန်နှင့် ဌာနတာဝန်ခံများ အနေဖြင့်လည်း ဝန်ထမ်းများ၏ လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး မြို့နယ်အဆင့်၊ ခရိုင်အဆင့်မှသည် ပြည်နယ်အဆင့်အထိ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်ပေးသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေး၊ ဘဏ္ဍာရေးနှစ်အလိုက် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများမှ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဓာတ်အားခကောက်ခံရရှိမှုနှင့် ကြွေးကျန်ကျဆင်းရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် နယ်မြေအခြေအနေအရေ ယာယီတိမ်းရှောင်ရောက်ရှိလာသော ဝန်ထမ်းများအား နေရာချထားပေးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်း ညွှန်မှာကြားပေးခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်တွေ့ဆုံကာ ယာယီတိမ်းရှောင်လာသည့် ဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ကြက်ဥများနှင့် ထောက်ပံ့ငွေများ၊ ပြည်နယ်အတွင်းရှိ ဝန်ထမ်းများအတွက် ထောက်ပံ့ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

