မြစ်ကြီးနား နိုဝင်ဘာ ၂၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မူးယစ်ကင်းစင် ကချင်ပြည်နယ်တစ်ခွင် အားကစားလှုပ်ရှားမှုအဖြစ် အသက်(၁၅) နှစ်အထက်နှင့်အောက် လူငယ်များအတွက် မီနီမာရသွန်အပြေးပြိုင်ပွဲကို နိုင်ဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီး ချုပ်ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နံနက် ၆ နာရီတွင် ပြည်သူ့အားကစားကွင်းရှေ့ စုရပ်၌ မီနီမာရသွန်အပြေးပြိုင်ပွဲဝင် ဦးရေ (၃၀၀၀)ဦးတို့အား တာလွှတ်ပေးကြရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက အသက်(၁၅)နှစ်အထက် ပြိုင်ပွဲဝင်များအား သေနတ်ပစ်ဖောက်၍လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က အသက် (၁၅)နှစ်အောက် ပြိုင်ပွဲဝင်များအား သေနတ်ပစ်ဖောက်၍လည်းကောင်း တာလွတ်ပေးကြရာ ပြိုင်ပွဲဝင်များသည် မြစ်ကြီးနားမြို့ သခင်နက်ဖေလမ်းမှတစ်ဆင့် ပြည်ထောင်စုလမ်းမကြီးအတိုင်း အောင်ဇေရန်အောင်ဘုရားထိ၊ ထိုမှတစ်ဆင့် သတ်မှတ်လမ်းကြောင်းအတိုင်း ပြည်သူ့အားကစားကွင်းအတွင်းသို့ ပြိုင်ပွဲဝင်ကြရာ ပြေးလမ်းတစ်လျှောက်ရှိ ရပ်ကွက်များအလိုက် ရပ်ကွက်နေပြည်သူများက မီနီမာရသွန်အပြေးပြိုင်ပွဲဝင်များအား ကြိုဆိုအားပေးခဲ့ကြပြီး ရေသန့်ဘူးများနှင့် အမောပြေစားသောက်ဖွယ်များကို ကျွေးမွေးပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဘောလုံးကွင်းအတွင်း၌ ပြိုင်ပွဲဝင်များ ပြန်လည်ဝင်ရောက်လာမှုကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အားပေးကြိုဆိုခဲ့ကြပြီး ဒိုင်အဖွဲ့ဝင်များက တာဖမ်း၍ အဆင့်သတ်မှတ်ခြင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်းဝင်များက မုန့်နှင့်ရေသန့်ဘူးများ ကျွေးမွေးခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရှေးဦးပြုစုခြင်းတို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက အသက်(၁၅)နှစ်အထက် အမျိုးသားပြိုင်ပွဲဝင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများနှင့် အသက်(၅၇)နှစ်ရှိ အသက်အကြီးဆုံးပြိုင်ပွဲဝင် ဆုရရှိသည့် အမျိုးသမီးတစ်ဦးအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က အသက်(၁၅)နှစ်အထက်အမျိုးသမီးပြိုင်ပွဲဝင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် အသက်(၇)နှစ်ဖြင့် ပန်းဝင်လာသည့် အသက်ငယ်ဆုံးပြိုင်ပွဲဝင် ဆုရကလေး (၃)ဦးတို့အားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများက အသက်(၁၅)နှစ်အထက်နှင့်အောက် ပြိုင်ပွဲဝင်များအနက် အဆင့် (၂၀) အထိ ပန်းဝင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များအားလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။





