(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးသည့် မိုးကောင်းမြို့နယ် ဗန်းမောက်ကုန်းကျေးရွာ ကုန်ထုတ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

မိုးကောင်း      မတ်     ၃၀

          (၈၁)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့်ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတ်လ ၂၉ ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးသည့် မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာအုပ်စု၊ ဗန်းမောက်ကုန်းကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွဲ့ပွဲသို့ တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ လမ်းသစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်‌ရေးရာဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ပင်းဘောကျေးရွာအုပ်စု၊ ဗန်းမောက်ကုန်း ကျေးရွာတွင်းလမ်း အရှည် (၅၀၀၀)ပေ၊ အကျယ် (၁၄) ပေရှိ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျေးရွာနေပြည်သူများနှင့်အတူ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့နောက် အခြေခံပညာအထက်တန်းကျောင်း (ဗန်းမောက်ကုန်း)၌ ကျင်းပသည့် (၈၁) နှစ် မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းနှင့် ကမ်းထိန်းနံရံ ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။

          အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ဖွင့်လှစ်ပေးခဲ့သော ကွန်ကရစ်လမ်းသစ်သည် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရံပုံငွေကျပ် (၅၉၄ ဒဿမ ၉၂၀) သန်းဖြင့် ဆောင်ရွက်ခဲ့သည့် အရှည် (၅၀၀၀) ပေ၊ အကျယ် (၁၄)ပေရှိသည့် ကျေးရွာတွင်း ကုန်ထုတ်လမ်းဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှသာလျှင် တစ်နေရာနှင့် တစ်နေရာ ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေမည်ဖြစ်သလို ဒေသတစ်ခု၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်ပါကြောင်း ပြောကြားသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမောက်ကုန်း‌ကျေးရွာ နန့်ရင်းချောင်း တံတားပြုပြင်နိုင်ရန်အတွက် ထောက်ပံ့ငွေကျပ်သိန်း (၃၀၀) အား ဗန်းမောက်ကုန်းကျေးရွာ ရာအိမ်မှူးနှင့် တံတားပြုပြင်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌတို့ထံ ပေးအပ်ခဲ့သည်။

          ယင်းနောက် ကျေးရွာများမှ ဒေသခံလူငယ်များ၏ တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးခဲ့ကြကာ အကအဖွဲ့(၆) ဖွဲ့အတွက် ချီးမြှင့်ငွေကျပ် (၁၂) သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပင်းဘောကျေးရွာအုပ်စုအတွင်းရှိ နန့်ရင်းချောင်းသို့ သွားရောက်၍ ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရံပုံငွေဖြင့် တည်ဆောက်ခဲ့သော ကမ်းထိန်းနံရံ တည်ဆောက်ထားရှိမှုအခြေအနေများနှင့် နန့်ရင်းချောင်းကူးတံတား အရှည် (၄၈၅) ပေ၊ အကျယ် (၁၆) ပေရှိ ချောင်းကူးတံတား စတင်တည်ဆောက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။