(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့် မြစ်ကြီးနားမြို့၏ဂုဏ်ဆောင် မြို့တော်ခန်းမဖွင့်လှစ်

မြစ်ကြီးနား မတ် ၂၆

          (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၌ ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သော မြို့အင်္ဂါရပ်လျော်ညီပြီး ကချင်ရိုးရာယဉ်ကျေးမှုအနုပညာလက်ရာများဖြင့် ပေါင်းစပ်ထားသော ခေတ်မီမြို့တော်ခန်းမကို မတ် ၂၆ ရက် နံနက် ၈ နာရီက ဖွင့်လှစ်ခဲ့သည်။

          အဆိုပါ မြို့တော်ခန်းမသစ်ကို ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယခင်က ခေတ်နှင့်မလျော်ညီတော့သည့် မြို့တော်ခန်းမဟောင်းအားဖျက်သိမ်းပြီး အဆိုပါမြေနေရာ၌ ခေတ်နှင့်လျော်ညီပြီး ကချင်ရိုးရာအငွေ့အသက်များ ပါဝင်သည့် ခေတ်မီမြို့တော်ခန်းမသစ် (၁၈၅ပေ × ၁၂၄ ပေ× ၃၃ပေ) အာရ်စီကွန်ကရစ်အဆောက်အဦအား ပြည်နယ်၏ဂုဏ်ယူစရာ နေရာတစ်ခုအဖြစ် ပေါ်လွင်အောင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တို့တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် စုစုပေါင်း (၄ ဒဿမ ၇၄၁) ဘီလီယံအကုန် အကျခံ၍ တင်ဒါအောင်မြင်သည့် Jade Land Myanmar Company တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

          ယခင် မြို့တော်ခန်းမဟောင်းသည်  (၁၆၅ ပေ × ၁၀၂ပေ × ၂၆ပေ) အုတ်ညှပ်၊ ကွန်ကရစ်လောင်း (၂)ထပ် အဆောက်အဦဖြစ်ပြီး ပရိတ်သတ်(၅၀၀)ဦးဝင်ဆံ့သည့် ခန်းမတစ်ခုဖြစ်ကာ သက်တမ်းအားဖြင့်(၂၇)နှစ်ကြာ သက်တမ်းရှိပြီဖြစ်သည့်အတွက် အဆိုပါခန်းမဟောင်းအားဖျက်သိမ်းကာ အသစ်ဆောက်လုပ်ဖွင့်လှစ်ခြင်းဖြစ်ပြီး အဆိုပါ မြို့တော်ခန်းမဟောင်းကိုလည်း  ၁၉၉၅ ခုနှစ်ကလည်း မတ်လ ၂၇ ရက် တပ်မတော်နေ့ကို ဂုဏ်ပြုဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုမြို့တော်ခန်းမသစ်ကိုလည်း တိုက်ဆိုင်စွာ (၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။