ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးနှင့် ပြည်နယ်စားပွဲတင်တင်းနစ်ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်

 ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးနှင့် ပြည်နယ်စားပွဲတင်တင်းနစ်ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား     စက်တင်ဘာ ၈

          ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အတွင်း စက်တင်ဘာ ၁၆ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကချင်ပြည်နယ်မှ သွား ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင် စားပွဲတင် တင်းနစ်အသင်းအား ပြည်နယ်အစိုးရအဖွဲ့ က အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို စက်တင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီခွဲက ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပြည်နယ်လက်ရွေးစင်အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက အသီးသီး မိတ်ဆက်ခဲ့ကြပြီး လက်ရွေးစင်စားပွဲတင် တင်းနစ်အသင်းနည်းပြက ပြိုင်ပွဲဝင်နိုင်ရေး ကြိုတင်ပြင်ဆင်၍ စခန်းသွင်းလေ့ကျင့်ခဲ့မှုများကို ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှု ရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အားကစားကဏ္ဍ တိုးတက် မြှင့်မားလာရေးအတွက် အစဉ်တစ်စိုက် အားပေးထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ပြီး ယနေ့ ပြိုင်ပွဲဝင်ရောက်ရန် သွားရောက်ကြမည့် အုပ်ချုပ်သူနည်းပြများနှင့် ကစားသမားအနေဖြင့် ပြည်နယ် ဂုဏ်ကို မြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းယှဉ်ပြိုင်သွားကြရေး အားပေးမှာကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးက လက်ရွေးစင်အသင်း အုပ်ချုပ်သူနည်းပြများထံ အောင်နိုင်ရေး အလံနှင့် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ကချင်ပြည်နယ်အနေဖြင့် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ယှဉ်ပြိုင်ပြီးစီးခဲ့သည့် အားကစားနည်း (၁၁)မျိုးတွင် ပြည်နယ်ကိုယ်စားပြု အမျိုးသမီးဂေါက်သီးရိုက်အသင်း၊ အေရိုးဗစ်အသင်း၊ အမျိုးသမီးဘောလီဘော အသင်းတို့က တံခွန်စိုက်ဆုဖလားများကိုလည်းကောင်း၊ ပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်းအနေဖြင့် အမျိုးသား/ အမျိုးသမီးနှင့် စုပေါင်းတံခွန်စိုက်ဆု ဖလား (၃)ခုစလုံးကို  လည်းကောင်း ဆွတ်ခူးရရှိ ထားပြီး အားကစားနည်းများအလိုက် စုစုပေါင်း ရွှေ ၁၅ ခု၊ ငွေ ၁၃ ခု၊ ကြေး ၈ ခုရရှိထားကြောင်း ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရှိရသည်။