မြစ်ကြီးနား ဇူလိုင် ၁၂
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအရှိန်အဟုန်ဖြင့်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၂ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့နယ်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ ကောက်ကွက်ပြည့်မီရေး တောင်သူအသိပညာပေး စုပေါင်းပျိုးထောင်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် ကြက်မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ်၊ ပလန-၂ (ကံ့ကော်မြိုင်) ကျေးရွာကွင်းအတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စုပေါင်းပျိုးထောင်စိုက်ပျိုးခြင်းအခမ်းအနားသို့ တက်ရောက်ပြီး ရှေးဦးစွာ ကွင်းအတွင်းရှိ မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးသည့် စပါးခင်းများအထွက်တိုးပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းစနစ် များပေါင်းစပ်စိုက်ပျိုးရမည်ဖြစ်သကဲ့သို့ ကောက်စိုက်ရာတွင်လည်း ကောက်ကွက်ပြည့်မီရေးသည် အဓိကဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်အတွင်း စာရင်းဇယားများအရ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စပါးစိုက်ဧက ၄၇၄၄၇၇ ရှိသည့်အနက် ဘောင်ပျိုးစနစ် ဖြင့် ဧက ၇၅၀၀၀ ကျော်တွင် တစ်ဧကအထွက်နှုန်း (၈၇ ဒဿမ ၉၁)တင်း ရရှိခဲ့သည့်အတွက် ရိုးရိုး ပျိုးစိုက်ပျိုးခြင်းထက် တစ်ဧကအထွက်နှုန်းပျမ်းမျှ ၂၀ တင်ပိုမိုထွက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ သို့ ဖြစ်ပါ၍ တောင်သူများအနေဖြင့် ဒေသတွင်းဝမ်းစာဖူလုံပိုလျှံစေမည့်အပြင် ဝင်ငွေတိုးပွားရေးအတွက် ပန်းတိုင်အထွက်နှုန်းရရှိအောင် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားကာ မိုးစပါးစိုက်တောင်သူများထံ ဓာတ်မြေသြဇာအိတ်များနှင့် ရွက်ဖျန်းအားတိုးဆေးများ၊ ပိုးသတ်ဆေးများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒေသခံတောင်သူများနှင့်အတူ မိုးစပါးစိုက်ခင်းအတွင်း ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ကောက်ကွက်ပြည့်မီရေးအတွက် တောင်သူအသိပညာပေးသည့်အနေဖြင့် ကောက်စိုက်သမများ၏ စုပေါင်းပျိုးထောင်စိုက်ပျိုးခြင်းကွင်းသရုပ်ပြ စိုက်ပျိုးမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်ကုန်းရပ်ကွက် (ကြာရာပတ္တီး-ဘီ) အတွင်းရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင်ဦးလော့နော်၏ ဒေသကြက်မွေးမြူရေးခြံသို့ သွားရောက်ပြီး ဒေသကြက်များ မွေးမြူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့် ရှုစစ်ဆေးခဲ့ကြကာ တိရစ္ဆာန်အထောက်အကူပြုဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ခြံဝင်းအတွင်း မွေးမြူရေးတိရစ္ဆာန် အညစ်အကြေးများဖြင့် တစ်ပိုင်တစ်နိုင် သဘာဝမြေသြဇာ (ဘိုကာရှီမြေဆွေး) ပြုလုပ်လျက်ရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဈေးကွက်ရရှိမှုအခြေအနေများနှင့် လိုအပ်ချက်များကို မေးမြန်းဆွေးနွေးပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ လုပ်ငန်းတိုးချဲ့နိုင်ရေးအတွက် မတည်ငွေများ ပံ့ပိုးပေးနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြတောင်းခံရန် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နန်းကွေးကျေးရွာအုပ်စု၊ နောင်းပုံကျေးရွာအတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေပံ့ပိုးမတည်ပေးမှုဖြင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင် ဦးဇော်ဆိုင်း၏ မွေးမြူရေးခြံသို့ သွားရောက်ပြီး ခြံဝင်းအတွင်းရှိ ကြက်ခြံများအတွင်း အသားတိုးကြက်များ မွေးမြူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကာ မွေးမြူရေးအထောက်အကူပြုဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ထပ်မံတိုးချဲ့မွေးမြူနိုင်ရေးလိုအပ်သည့် ကူညီပံ့ပိုးမှုများပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချူပ်သည် ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တတိယနှစ်စက်ဝန်းအတွက် စီမံကိန်းလုပ်ငန်းများ အရှိန်အဟုန်မပျက်လည်ပတ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
အဆိုပါ အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေး လည်ပတ်လျက်ရှိရာ ယခုနှစ်တွင် တတိယနှစ်စက်ဝန်းသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် လုပ်ငန်းစီမံကိန်းများ ပိုမိုတိုးများလာသကဲ့သို့ ငွေစာရင်းများကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ အလေးထားထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် စီမံကိန်းလုပ်ငန်းအသစ်များအတွက် ရန်ပုံငွေများ အမြန်ဆုံး မတည်ပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်သွားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော်က စီမံကိန်းလည်ပတ် ရန်ပုံငွေများနှင့်စပ်လျဉ်း၍ ပထမနှစ်စက်ဝန်းအတိုး/ အရင်းရငွေများအပေါ် ဒုတိယနှစ်စက်ဝန်းနှင့် တတိယနှစ်စက်ဝန်းအတွက် လည်ပတ်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများ၊ စီမံခန့်ခွဲရန်ကျန်ရှိသည့် ရန်ပုံငွေလက်ကျန်နှင့် အတိုး/ အရင်းကောက်ခံရရှိမှုအခြေအနေများနှင့် ပြည်နယ်ကော်မတီသို့ တင်ပြလာမှုများအပေါ် ဆွေးနွေးဆုံးဖြတ်ပေးရမည့် လုပ်ငန်းယူနစ်များအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ရန်ပုံငွေတင်ပြတောင်းခံထားသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းစီမံကိန်းများအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့မှုကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းကဏ္ဍအလိုက် စီမံကိန်းရန်ပုံငွေများ ချထားပေးနိုင်ရေး လက်စွဲစာအုပ်ပါ သတ်မှတ်ချက်များနှင့်အညီဖြစ်စေရေး ပေါင်းစပ်ညှိနှိုင်း ၍ ဆွေးနွေးဆုံးပေးခဲ့ကြောင်း သိရသည်။







