ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့်အတူ စုပေါင်းစိုက်ပျိုး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့်အတူ စုပေါင်းစိုက်ပျိုး

မြစ်ကြီးနား    ဇွန် ၄

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန် ၄ ရက် နံနက် ၇ နာရီခွဲက မြစ်ကြီးနားတက္ကသိုလ် ကျောင်းဝင်းအတွင်းပြုလုပ်ရာ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများ ပါဝင်၍ စုပေါင်း စိုက်ပျိုးခဲ့ကြသည်။

          သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊  ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ဆရာ၊ဆရာမများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် သစ်တောဦးစီးဌာနဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများက မြစ်ကြီးနား တက္ကသိုလ်ကျောင်းဝင်းအတွင်း   မိုးလုံလေလုံ အားကစားရုံဘေး ကွင်းပြင်၌ ပိတောက်၊ ယင်းမာ၊ ထင်းရှူး၊ သစ်ကတိုး၊ မဟော်ဂနီ၊ သစ်ဆိမ့် စသည့် ပျိုးပင်ပေါင်း ၉၂၀ ကျော်ကို သတ်မှတ်နေရာ အသီးသီးတွင် တစ်ပျော်တစ်ပါးစုပေါင်း စိုက်ပျိုးခဲ့ကြသည်။

           ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းသန့်ရှင်းသာယာလှပရေး၊ကျောင်းသား/ ကျောင်းသူများ ခြင်၊ ယင်၊ ပိုးမွှားအန္တရာယ်ကြောင့် ဖြစ်ပွားတတ်သည့် ရောဂါများကင်းရှင်းရေး၊ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ စုစုပေါင်း အင်အား ၇၀၀ ကျော်ဖြင့် ဆွမ်ပရာဘွမ်အမျိုးသမီးဆောင်၊ ခါကာဘိုရာဇီအမျိုးသားဆောင်နှင့် ဆဒုံးဘွမ်အမျိုးသမီးဆောင်တို့၏ ပတ်ဝန်းကျင်ရှိ သစ်ပင်ခြံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များ ကောက်ယူခြင်း၊ ရေနှုတ်မြောင်းများ ဆယ်ယူရှင်းလင်းခြင်းတို့ကို သတ်မှတ်နေရာအလိုက် စုဖွဲ့ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အလားတူ ဝိုင်းမော်မြို့ မိုင်းနားကျေးရွာရှိ ရွှေမိုးတောင်စေတီတော် ပုရဝုဏ်အတွင်း၌ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတ ရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီးတို့ တက်ရောက်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုပရဟိတအသင်းအဖွဲ့များနှင့်အတူ ရတနာတန်းဝင် ကျွန်းပျိုးပင် (၅၀)ပင်၊ ဒေသမျိုးရင်းပင်များဖြစ်သည့် မန်ဂျန်ရှား၊ ကံ့ကော်၊ မျောက်ငိုနှင့် ခရေပျိုးပင် စုစုပေါင်း (၅၃၉)ပင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရှိရသည်။