ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၅)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲနှင့် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး၊ စားသုံးဆီဖူလုံရေးတို့အတွက် ဆီထွက်သီးနှံနှင့် နွေစပါး၊ မိုးစပါးသီးနှံ စိုက်ပျိုးပြီးစီးမှုအခြေအနေ များနှင့်စပ်လျဉ်း၍လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်

မြစ်ကြီးနား   ဇူလိုင် ၇

         ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဖူဆယ်ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လက်ရွေးစင်ကစားသမားများ စိစစ်ရွေးချယ် စခန်းသွင်းလေ့ကျင့်နိုင်ရေး ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ဖူဆယ်ဘောလုံးဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသော ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၅)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည်။

          အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် ဘောလုံးအသင်းများ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ပြိုင်ပွဲသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၅)နှစ်အောက် ဖူဆယ် ပြိုင်ပွဲအတွက် စည်းကမ်းပြည့်ဝပြီး ကြိုးစားအားထုတ်မှုရှိသော အရည်အချင်းမြင့်မားသည့် အားကစားသမားများကို ပြည်နယ်လက်ရွေးစင်အဖြစ် ရွေးချယ်စခန်းသွင်းလေ့ကျင့်ပေးသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အားကစား စိတ်ဓာတ်အပြည့်အဝဖြင့် ကြိုးပမ်းအားထုတ်မှုများကို ပြသယှဉ်ပြိုင်ကြရန် တိုက်တွန်းလိုပါကြောင်း မှာကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ပြိုင်ပွဲဝင်ဖူဆယ်အသင်း (၁၆) သင်းမှ အုပ်ချုပ်သူ၊ နည်းပြနှင့်ကစားသမားများ၊ ဘင်ခရာအဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်အားပေးခဲ့ကြပြီး ဖွင့်ပွဲအထိမ်းအမှတ် တေးသရုပ်ဖော်အကအလှများ၊ ပြည်နယ်အေရိုးဗစ် အားကစားအဖွဲ့၏ လေ့ကျင့်ဖျော်ဖြေတင်ဆက်မှုများကို လည်းကောင်း၊ အဖွင့်ပွဲစဉ်အဖြစ် Crazy FC အသင်းနှင့် AKOY အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ဖူဆယ်ဘောလုံးချစ်ပရိတ်သတ်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။

           ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် စားသုံးဆီဖူလုံရေး ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးထုတ်လုပ်သွားမည့် အခြေအနေများ၊ နွေစပါး၊ မိုးစပါး စိုက်ပျိုးဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် အားလုံး၏ ကြိုးပမ်းအားထုတ်မှုကြောင့် ယခုနှစ်တွင် စပါးစိုက်ဧက ၁၀၀၀၀ ကျော် တိုးချဲ့လာနိုင်ခဲ့ပြီး တစ်ပြည်နယ်လုံးအနေဖြင့် ဆန်ဖူလုံလျက်ရှိနေပါကြောင်း၊ အထူးသဖြင့် ပူတာအိုဒေသ ဆန်ဖူလုံမှုရှိအောင် (၃)နှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ယခုနှစ်တွင် တနိုင်းဒေသတွင်းလည်း ဆန်ဖူလုံလာတော့မည်ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် တစ်ပြည်နယ်လုံး အတိုင်းအတာအဖြစ် မိုးစပါးစိုက်ဧက (၅)သိန်း ပြည့်မီအောင် ရည်မှန်းချက်ထား ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် စားဆီဖူလုံမှုရှိစေရေး လယ်သီးထပ်စိုက်ဧက တိုးချဲ့ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အတူ မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်အထွက်နှုန်းရရှိရေး စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ကွင်းဆင်းရာတွင်လည်း တောင်သူများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ပြည်နယ်အတွင်း မိုးစပါးအပါအဝင် အခြားသီးနှံများကို ဘဏ္ဍာနှစ်အလိုက် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့မှုအခြေအနေများနှင့် ယခုဘဏ္ဍာနှစ်အတွင်း မိုးစပါးစိုက်ပျိုးလျက်ရှိသည့် အခြေအနေများ၊ မိုးစပါးပြီး ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆီမုန်ညှင်းမျိုးစေ့နှင့် ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာများ ပံ့ပိုးထောက်ပံ့ပေးရမည့် အခြေအနေများ၊ ခရိုင်၊ မြို့နယ်များ အလိုက် စိုက်ဧကများ တိုးချဲ့ဖော်ထုတ်၍ ရည်မှန်းချက်ပြည့်မီအောင် လျာထားစိုက်ပျိုးသွားမည့် အစီအမံများကို ပါဝါပွိုင့်များဖြင့် အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ကိစ္စရပ်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။