ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏ အားကစားကဏ္ဍ မြှင့်တင်နိုင်ရေး အားကစားနည်းအလိုက် အားနည်းချက်/ အားသာချက်များအပေါ် တာဝန်ရှိသူများနှင့် သုံးသပ်ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏ အားကစားကဏ္ဍ မြှင့်တင်နိုင်ရေး အားကစားနည်းအလိုက် အားနည်းချက်/ အားသာချက်များအပေါ် တာဝန်ရှိသူများနှင့် သုံးသပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၂၀

          ကချင်ပြည်နယ်၏ အားကစားကဏ္ဍ တိုးတက်မြှင့်မားစေရေးအတွက် အောင်မြင်ခဲ့သည့် အားကစားနည်းများကို ဆက်လက်ထိန်းသိမ်းနိုင်ရေးနှင့် အောင်မြင်မှုမရရှိသေးသည့် အားကစားနည်း များ၏ အားသာချက်/ အားနည်းချက်များကို သုံးသပ်ဆွေးနွေး၍ အောင်မြင်မှုရရှိရေးအတွက် စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ နှင့်ပြည်နယ်အတွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အရာထမ်းများ၊ အားကစားဆပ် ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ညှိနှိုင်းဆွေးနွေးပွဲတွင် ကချင်ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ခေတ်ကာလတွင် အားကစားသည် ယဉ်ကျေးမှု၊ စီးပွားရေးစသည့် ပုံရိပ်များကို ဖော်ဆောင်နေသည့် ကဏ္ဍဖြစ်လာသည့်တွက် ပြည်နယ်၏ ဂုဏ်၊ ပြည်နယ်၏ ပုံရိပ်ကို ဖော်ဆောင်ရာတွင်အဓိကကျသည့် အခန်းကဏ္ဍတွင်ပါဝင်ပါကြောင်း၊ ထို့အပြင် အားကစားဖြင့်တန်ဖိုး ရှိသော လူငယ်လူရွယ်များပေါ်ထွန်းလာအောင်လေ့ကျင့်ပျိုးထောင်ပေးခြင်းသည် ပြည်နယ်၏လူသား အရင်းအမြစ်များကို မွေးထုတ်ပေးနေခြင်းပင် ဖြစ်ပါကြောင်း၊ ယနေ့ ပြည်နယ်၏ အားကစားကဏ္ဍ တိုးတက်အောင်မြင်ရေးအတွက် အဓိကအခန်းကဏ္ဍမှ ဦးဆောင်ပါဝင်နေကြသူများအနေဖြင့် ကဏ္ဍ အလိုက်စဉ်ဆက်မပြတ်တိုးတက်မြှင့်မားအောင်ဝိုင်းဝန်းကြိုးပမ်း‌ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို‌နောက် ကော်မတီဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက တိုင်းဒေသ ကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် ပြည်နယ်၏ အားကစားအဆင့်အတန်းနှင့် ရပ်တည်နိုင်ခဲ့မှု အခြေအနေများ၊ အားကစားနည်းအလိုက်၊ ကဏ္ဍအလိုက် လိုအပ်ချက်များကို သုံးသပ်ရှင်းလင်းတင်ပြ ပြီး၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက အားကစားကဏ္ဍ တိုးတက်မြင့်မားရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ အားကစားနည်းအလိုက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက်အားကစားနည်းအလိုက်ဆပ်ကော်မတီအသီးသီးမှတာဝန်ရှိသူများက အားကစား သမားများမွေးထုတ်ပေးနိုင်မှု၊ လေ့ကျင့်ပျိုးထောင်ထားရှိမှုနှင့် အားကစားသမားလိုအပ်ချက်၊ နည်း ပညာမြင့်အထောက်အကူပြုပစ္စည်းများ အဆင့်မြှင့်တင် ပံ့ပိုးကူညီထောက်ပံ့ပေးနိုင်ရေး၊ အားကစား နည်းအလိုက် ဖိတ်ခေါ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးနိုင်ရေးတို့အပြင် ကဏ္ဍအလိုက် လိုအပ်ချက်များ၊ အခက်အခဲများနှင့် အားသာချက်/ အားနည်းချက်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ ကြသည်။

          ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အားကစားနည်းများအလိုက် လိုအပ် ချက်များအပေါ်  ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ ပံ့ပိုးကူညီဆောင်ရွက်ပေးရ မည့်ကိစ္စရပ်များကို ဆပ်ကော်မတီတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ကချင်ပြည်နယ်အနေဖြင့် ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် အမျိုးသမီး ဂေါက်သီးရိုက်အသင်း၊ အေရိုးဗစ်အသင်း၊ အမျိုးသမီးဘောလီဘောအသင်းနှင့် ဂျူဒို အသင်းတို့သည် တံခွန်စိုက်ဆုဖလားများ ရရှိခဲ့ပြီး ကျန်အားကစားပြိုင်ပွဲများတွင်လည်း ရွှေတံဆိပ်၊ ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆုများကို အသီးသီးရရှိခဲ့သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဆုတံဆိပ်ရရှိ မှုတွင် မန္တလေးတိုင်းဒေသကြီးနှင့်အတူ ဒုတိယနေရာတွင် ရပ်တည်လျက်ရှိကြောင်း သိရှိရသည်။  

           ထို့အပြင် နိုင်ငံတော်အစိုးရအနေဖြင့်လည်း ကချင်ပြည်နယ်၏ အားကစားကဏ္ဍတိုးတက် မြှင့်မားရေးအတွက် ပံ့ပိုးပေးလျက်ရှိရာ မြစ်ကြီးနားမြို့တွင် လာမည့်ဘတ်ဂျတ်နှစ်အတွင်း အားကစား နှင့်ကာယပညာသိပ္ပံကျောင်းကို တည်ဆောက်ပေးသွားမည်ဖြစ်ပြီး ရေကူးပြေးလမ်း ၁၀ လမ်းပါရှိ သည့် မြန်မာနိုင်ငံအတွင်း အကြီးဆုံးရေကူးကန်ကိုလည်း မြစ်ကြီးနားမြို့၌ တည်ဆောက်လျက်ရှိရာ ယခုအခါ ၁၀၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရှိရသည်။