ကချင်ပြည်နယ်ဝန်ကြီးချုပ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများအတွက် သင်တန်းများ ဖွင့်ပွဲတက်ရောက်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ယူနန်ပြည်နယ်၊ နုကျန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာစိစစ်ရေးကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မြစ်ကြီးနား   ဇူလိုင် ၂

         ကချင်ပြည်နယ်အတွင်း   အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုများ ဝင်ငွေတိုးရေး စီမံကိန်းဖြင့် ရပ်ကွက်/ ကျေးရွာများအလိုက် ကော်မတီများဖွဲ့စည်းပြီး သက်မွေးပညာသင်တန်းများကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည့် ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနရုံး၊ လေ့ကျင့်ပျိုးထောင်ရေးခန်းမ၌ စီမံကိန်းသင်တန်းများ ဖွင့်ပွဲအခမ်းအနား ဇူလိုင် ၁ ရက် နံနက် ၉ နာရီခွဲကလည်း ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ သင်တန်းများဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့သင်တန်းတွင် မိမိတို့ ပတ်ဝန်းကျင်မှာရှိသည့် ဒေသထွက်သီးနှံများ၏ ပါဝင်သော အာဟာရတန်ဖိုးများကို သိရှိနားလည်ရန်၊ သင်တန်းကရရှိသည့် နည်းလမ်းများကို အသုံးပြုထုတ်လုပ်ခြင်းဖြင့် တန်ဖိုးမြှင့်စားသောက် ကုန်များပေါ်ထွက်လာစေရန်နှင့် တစ်ပိုင်တစ်နိုင်မိသားစု စီးပွားရေးမှ စတင်၍ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်ကာ မိသားစုဝင်ငွေတိုးပွားရေး၊ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ယခုလို စီမံကိန်းလုပ်ငန်းများကိုဖွင့်လှစ်ပေးခြင်းဖြင့် ဒေသတွင်းကုန်ထုတ်လုပ်မှု နည်းပညာရပ်များ တတ်မြောက်သွားရမည်ဖြစ်ပြီး လုပ်ငန်းထူထောင်လိုသူများအား လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးမှုကြောင့် တစ်ပိုင်တစ်နိုင်မှသည် အောင်မြင်သည့်  လုပ်ငန်းရှင်များဖြစ်သည်အထိ တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စီမံကိန်းဖြင့် မော်ဖောင်းကျေးရွာအတွက် ဖွင့်လှစ်သွားမည့် ပါမုန့်ဖုတ်သင်တန်း၊ ပလန(၁)ကျေးရွာအတွက် ဖွင့်လှစ်သွားမည့် စားသောက်ကုန်သင်တန်းနှင့် စီတာပူရပ်ကွက်အတွက် ဖွင့်လှစ်ပေးသွားမည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းများအတွက် ထောက်ပံ့စရိတ်အဖြစ် သင်တန်းတစ်ခုလျှင် ငွေကျပ်သိန်း ၁၅၀ ဖြင့် သင်တန်း (၃)ခုအတွက် စုစုပေါင်းငွေကျပ်သိန်း (၄၅၀)ကို သင်ထောက်ကူပစ္စည်းများနှင့် သင်တန်းသုံး ပစ္စည်းများကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာကော်မတီအဖွဲ့ဝင်များထံ ပေးအပ်ခဲ့ကြပြီး သင်တန်းခန်းမအတွင်း ပြသထားသည့် သင်တန်းသုံးအထောက်အကူပစ္စည်းများ ပြသထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့အပြင် မွန်းလွဲပိုင်းတွင်လည်း ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်ခွဲ ပြည်သူ့အစိုးရတို့အကြား နားလည်မှုစာချွန်လွှာ (မူကြမ်း)နှင့် စပ်လျဉ်း၍ စိစစ်ရေးကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် နုကျန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရတို့အကြား လက်မှတ်ရေးထိုးနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိသည့် ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ (မူကြမ်း) နှင့် ပတ်သက်ပြီး တရုတ်ဘက်က ပြန်ကြားချက်များအပေါ် ပြင်ဆင်ဖြည့်စွက်ခြင်းများကို တည်ဆဲဥပဒေ၊ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ မိမိတို့နိုင်ငံ၏ အကျိုးစီးပွားဖြစ်ထွန်းစေရေးနှင့် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေရေးကို ရှေးရှုကာ ဝိုင်းဝန်း ဆွေးနွေးဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် နည်းလည်မှုစာချွန်လွှာစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက စာချွန်လွှာပါအချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက်များနှင့်အညီ ဆွေးနွေးပြင်ဆင်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် တရုတ်ဘက်သို့ ပေးပို့ခဲ့မှုအပေါ် တရုတ်ဘက်မှ ထပ်မံပြင်ဆင်ဖြည့်စွက်ချက်များအား ရှင်းလင်းတင်ပြပြီး စိစစ်ရေးကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသိမ့်သိမ့်မိုးက နားလည်မှုစာချွန်လွှာမူကြမ်းနှင့် ပတ် သက်၍ ပြင်ဆင်ပေးပို့လာမှုအပေါ် ရှင်းလင်းတင်ပြသည်။

          ယင်းနောက် တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များနှင့်အတူ နားလည်မှုစာချွန်လွှာ မူကြမ်းပါ တရုတ်ဘက်မှ ပြင်ဆင်၊ ဖြည့်စွက်လာသည့် အချက်များနှင့်စပ်လျဉ်း၍ စာပိုဒ်တစ်ခုခြင်းအလိုက် ပြင်ဆင်၊ ဖြည့်စွက်နိုင်ရေး သုံးသပ်အကြုံပြုဆွေးနွေးခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းတို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စာချုပ်ပါ အချက်များနှင့်စပ်လျဉ်း၍ အမြန်ဆုံး ဖြည့်စွက်ပြင်ဆင်ကာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်တင်ပြနိုင်ရေး အတွက် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          အဆိုပါ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာမူကြမ်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် နုကျန်းပြည်နယ်ခွဲတို့အကြား အပြန်အလှန်ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန်နှင့် နှစ်နိုင်ငံသာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် ရည်ရွယ်၍ နှစ်ဖက်ချစ်ကြည်ရေးမြို့နှင့် မြို့များအကြား ညီအမမြို့တော်များပြုလုပ်၍ ယဉ်ကျေးမှုနှင့် နယ်ပယ်အသီးသီး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ နှစ်နိုင်ငံကုန်သွယ်ရေး၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်ရေး၊ ပညာရေးနှင့် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲ များ ထိန်းသိမ်းရေးနှင့် ခရီးသွားမြှင့်တင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ခြင်းများ ပါဝင်ကြောင်း သိရသည်။