ကချင်ပြည်နယ်ဝန်ကြီးချုပ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်၊ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်းများကွန်ပျူတာစွမ်းရည်ပြိုင်ပွဲအား ကြည့်ရှုအားပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်၊ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်းများကွန်ပျူတာစွမ်းရည်ပြိုင်ပွဲအား ကြည့်ရှုအားပေး

မြစ်ကြီးနား     အောက်တိုဘာ ၅

          ၂၀၂၂ခုနှစ် ၊ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၅ ရက်နေ့ နံနက် ၉နာရီအချိန်က မြစ်ကြီးနားမြို့ ဧရာရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အေးမြသီတာခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောင်းသား/သူများမှ “မြတ်ဆရာ” သီချင်းသီဆိုကာ အခမ်းအနားအားဖွင့်လှစ်သည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံ‌တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်း အနားသို့ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။ဆက်လက်၍ ပြည်နယ်ပညာရေးမှူး ဦးကြည်စိန် က ကုလသမဂ္ဂ လက်‌အောက်ခံအဖွဲ့(၅)ဖွဲ့မှ အဖွဲ့ခေါင်းဆောင်များကပေးပို့သော စုပေါင်းသဝဏ်လွှာ ကို ဖတ်ကြားသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၂ခုနှစ် ကမ္ဘာ့ဆရာများ‌နေ့ အထိမ်းအမှတ်စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား လည်းကောင်း၊ ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအားလည်းကောင်း ဂုဏ်ပြုဆုများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ယင်းနောက် မြို့နယ်ပညာရေးမှူးက မြစ်ကြီးနားမြို့နယ် ပညာ‌ရေးတိုးတက်မှု လုပ်ငန်းများ‌‌ဆောင်ရွက်ရန်အတွက် မြတ်ပါရမီ ကိုယ်ပိုင်အထက်တန်းကျောင်းမှ လှူဒါန်းသည့် ငွေကျပ်(၃)သိန်းအား လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

          ထို့နောက် အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “အိုဘယ့်ဆရာ” သီချင်းဖြင့် ကမ္ဘာ့ဆရာများ‌နေ့ အထိမ်းအမှတ်အခမ်းအနားအား သီဆိုဂုဏ်ပြုကာ တက်ရောက်လာသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

          ထိုမှတဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်အစိုးရဖွဲ့ရုံးရှိ ဆမားဒူဝါ ဆင်ဝါးနော်ခန်းမတွင် ကျန်းမာရေးဝန်ထမ်းများက  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပြီး ၆ လပြည့်ပြီး သည့် နိုင်ငံဝန်ထမ်းများအား ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးနေမှု၊ ကိုဗစ် စည်းကမ်းများနှင့်အညီ စာရင်းကောက်ယူခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ကြည့်ရှု အားပေးခဲ့ကြပြီး ကျန်းမာရေး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများအား ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)သို့ရောက်ရှိပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဝန်ထမ်းများ ကွန်ပျူတာ စွမ်းရည် ယှဥ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။