ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ကျောင်းသား/ကျောင်းသူများ၏ ကချင်နှင့်ရှမ်း တိုင်းရင်းသားရိုးရာ ဝတ်စုံများဖြင့် ဖက်ရှင်ပြိုင်ပွဲကျင်းပပြုလုပ်မှုအား တက်ရောက်အားပေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၁

          မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား/ ကျောင်းသူများ၏ ဌာနေကချင်နှင့် ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာဝတ်စုံများကို ရိုးရာမပျက် ဆန်းသစ် တီထွင်မှုများဖြင့် ဒီဇိုင်းဖော်ထားသည့် ဝတ်စုံများနှင့် ပါဝင်ယှဉ်ပြိုင်သည့် ဖက်ရှင် (Fashion) ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ချီးမြှင့် အမှာစကား ပြောကြား သည်။

          ပြိုင်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားတက္ကသိုလ်အနေဖြင့် အားကစားလှုပ်ရှားမှု၊ ဟောပြောပွဲများအပြင် တက္ကသိုလ်၏ အနှစ်သာရကို သိရှိနားလည်သဘောပေါက်စေရန်၊ တနည်း အားဖြင့် တက္ကသိုလ်ဆိုသည်မှာ ပညာသင်ယူခြင်းတစ်ခုထဲမဟုတ်ဘဲ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်း အသစ်တွေရှာရင်း၊ အားကစားလှုပ်ရှားမှု၊ လူမှုရေးလှုပ်ရှားမှုစသည့် မိမိတို့စိတ်ဝင်စားရာ ကဏ္ဍများတွင်ပါဝင်နိုင်စေရန် လူငယ်တစ်ယောက်တွင် နဂိုကတည်းကရှိနေသည့် အရည်အသွေး များကို ပိုမိုထွန်းတောက်လာအောင် လေ့ကျင့်ပေးသည့်နေရာ တစ်ခုအဖြစ် သိရှိနားလည်စေရန် ယခု ပြိုင်ပွဲများကို ပြုလုပ်ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲများ၊ လှုပ်ရှားမှုများမှတစ်ဆင့် ကျောင်းသားလူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် နားလည်မှု၊ လေးစားမှုစိတ်ဓာတ်များ ပေါ်ထွန်းလာပြီး အနာဂတ်တွင် မြန်မာပြည်မြောက်ဖျားက ကချင်ပြည်နယ်ငြိမ်းချမ်းသာယာပြီး စီးပွားရေး၊ လူမှုရေးအစစအရာရာ ဖွံ့ဖြိုးတိုးတက်ကာ ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်သည်အထိ ရည်ရွယ်ပြီး ယခုလို လှုပ်ရှားမှုများတွင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် လည်း အဖက်ဖက်က လိုအပ်သည်များကို ကူညီပံ့ပိုးနေခြင်းဖြစ်ပါကြောင်း တိုက်တွန်းမှာကြား သည်။

        ထို့နောက်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက တက္ကသိုလ်ပြိုင်ပွဲများ၊ အားကစား လှုပ်ရှားပြိုင်ပွဲများနှင့် ဟောပြောပွဲများ ပြုလုပ်ကျင်းပပေးရခြင်းများကို ရှင်းလင်းပြောကြားပြီး ဖက်ရှင်ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ပါမောက္ခဆရာမဒေါက်တာအမ်ရွယ်နောင်းက ကျေးဇူး တင်စကား ပြောကြားကာ အမှတ်ပေးဒိုင်များနှင့် မိတ်ဆက်ပေးသည်။

          ယင်းနောက် ပြိုင်ပွဲကို ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများက အဖွင့်အကဖြင့် စတင်ယှဉ် ပြိုင်ကြပြီး နာမည်ကျော် ကချင်တိုင်းရင်းသားအဆိုတော်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ ကြကာ ပါမောက္ခချုပ်က ပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးကြသည့် ဒေသတွင်း ရိုးရာအဝတ်အထည်ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် ဒီဇိုင်နာများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ကို ပေးအပ်ခဲ့သည်။           ထို့နောက် ဖက်ရှင်ပြိုင်ပွဲဝင် ကျောင်းသား (၂၈)ဦး၊ ကျောင်းသူ (၃၀)ဦးတို့က ကချင်နှင့် ရှမ်း တိုင်းရင်းသားတို့၏ ရိုးရာဝတ်စုံများကို နာမည်ကြီးဒီဇိုင်နာများ၏ ခေတ်မီဆန်းသစ်တီထွင်ထား သည့် ဒီဇိုင်းများအား ဝတ်ဆင်၍ ယှဉ်ပြိုင်ခဲ့မှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် ညနေပိုင်းတွင် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ပေးအပ်သွားမည်ဖြစ် ကြောင်း သိရှိရသည်။