ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားစာစစ်ဌာနများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဒုတိယနေ့(အင်္ဂလိပ်စာ)အေးချမ်းစွာဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှု အားပေး၊ ဌာနဆိုင်ရာညွှန့်ပေါင်းအသင်းနှင့် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားစာစစ်ဌာနများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဒုတိယနေ့(အင်္ဂလိပ်စာ)အေးချမ်းစွာဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှု အားပေး၊ ဌာနဆိုင်ရာညွှန့်ပေါင်းအသင်းနှင့် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား     မတ် ၉

          ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုနိုင်ငံတစ်ဝှမ်း မတ် ၈ ရက်နေ့စတင် ကျင်းပပြုလုပ်လျက်ရှိရာ ကချင်ပြည်နယ်အတွင်းမှာလည်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ပေါင်း ၃၂ ခုဖြင့် ဖြေဆိုလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မတ် ၉ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများ၌ စာမေးပွဲဒုတိယနေ့ (အင်္ဂလိပ်စာ)ကို အေးချမ်းစွာဖြေဆိုနေ ကြသော ကျောင်းသား/ကျောင်းသူများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

          ထို့သို့ လှည့်လည်ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စာစစ် ဌာန (၂) ခုဖွင့်လှစ်၍ စာရင်းရှိကျောင်းသား/ကျောင်းသူ ၁၁၅၇ ဦးမှ ဝင်ရောက်ဖြေဆိုသူ ၁၀၆၇ ဦး အေးချမ်းစွာ ဖြေဆိုနေမှုကိုလည်းကောင်း၊ အလားတူ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ စာရင်းရှိကျောင်းသား/ကျောင်းသူ ၆၀၉ ဦးအနက် ဖြေဆိုသူ ၅၆၅ ဦးတို့ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုများကို လည်းကောင်း ပြည်နယ်ပညာရေးမှူး ဦးကြည်စိန်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ကျဆရာ၊ ဆရာများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

          ကချင်ပြည်နယ်အတွင်း ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနပေါင်း ၃၂ ခု ဖွင့်လှစ်၍ ဌာနဆိုင်ရာများ၊ လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကွက်/ကျေး ရွာအုပ်ချုပ်ရေးမှူးများက အေးချမ်းစွာဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ စာမေးပွဲ ဒုတိယနေ့(အင်္ဂလိပ်စာ)ဖြေဆိုသည့်နေ့တွင် ပြည်နယ်အတွင်းရှိ စာစစ်ဌာနများအားလုံး၌ စာရင်းရှိ ၁၀၃၂၇ ဦးအနက် ဝင်ရောက် ဖြေဆိုသူ ၉၅၂၉ ဦးရှိပြီး ၇၉၈ ဦးပျက်ကွက်ရှိကြောင်းနှင့် ပြည်နယ် အတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုမှုရာခိုင်နှုန်းအားဖြင့် ၉၂.၂၇ ရာခိုင်နှုန်းရှိကြောင်း ပြည်နယ်ပညာ ရေးမှူးရုံးမှ သိရှိရသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မတ် ၈ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ ပြည်သူ့      အားကစားကွင်းအတွင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ဘောလုံးအသင်းနှင့် ဌာနဆိုင်ရာညွှန့်ပေါင်း အသင်းတို့ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။

          ဘောလုံးပြိုင်ပွဲတွင် ဒေသခံအဆိုရှင်များက သီဆိုဖျော်ဖြေခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ ပြည်နယ်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ ပါဝင်သည့် ဘောလုံးအသင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ညွှန့်ပေါင်းဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ၃ ဂိုးစီသရေကျခဲ့ပြီး နေရာအလိုက် အကောင်းဆုံး ကစားသမားဆုများနှင့် ဘောလုံးပွဲလာရောက်ကြည့်ရှုသူများအား လက်ဆောင်ပစ္စည်းများ မဲဖောက်၍ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။