ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီတိမ်းရှောင် အိမ်ထောင်စုများ မိုးမကျမီ အမိုးအကာဖြင့် ရေ၊ မီးပြည့်စုံစွာနေထိုင်နိုင်ရေး ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များ ထောက်ပံ့ပေးအပ်၊ မနောတိုင်ပြန်လည် ဖြုတ်သိမ်းနိုင်ရေး ဆုတောင်းဆပ်ကပ်ခြင်းအခမ်းအနား တက်ရောက်

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၃

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယာယီတိမ်းရှောင်အိမ်ထောင်စုများအား မိုးမကျမီ အမိုးအကာဖြင့်ရေ၊ မီးပြည့်စုံစွာနေထိုင်နိုင်ရေး မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်အတွင်းရှိ ယာယီတိမ်းရှောင်စခန်းများကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် (၉)နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မန်ခိန်ရပ်ကွက် နယ်မြေ(၁၁) အင်ဂျန်ဒုံလော်ဝေါ်သာသနာဝင်းအတွင်း၌ ခိုလှုံနေထိုင်လျက်ရှိသော ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာမှ ယာယီတိမ်း‌ရှောင်အိမ်ထောင်စု(၃၀)နှင့် ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံ၍ စခန်းတာဝန်ခံနှင့်အိမ်ထောင်စုများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တစ်ကိုယ်ရေသုံးပစ္စည်းများဝယ်ယူနိုင်ရေး ထောက်ပံ့ငွေကျပ် (၂၅)သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန်ခိန်ရပ်ကွက် နယ်မြေ(၁၁)ရှိ ဗေသလယာယီတိမ်းရှောင်စခန်းသို့သွားရောက်၍ စခန်းနေအိမ်ထောင်စု(၄၅)စုတို့အတွက် နေထိုင်မှုအခြေအနေများကိုမေးမြန်းကာ ဝတ်ပြုခန်းမဆောင်နှင့် လူနေဆောင်များပြုပြင်ဆောက်လုပ်နိုင်ရေးအတွက် ဝါးနှင်အခြားလိုအပ်သောပစ္စည်းများဝယ်ယူနိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် (၆၂)သိန်းထောက်ပံ့ပေးအပ်ပြီး တိမ်းရှောင်စခန်းသွားလမ်း သဲကျောက်လမ်းခင်းနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ မန်ခိန်ရပ်ကွက်နယ်မြေ(၁၁) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးချုပ်ပိုင်မြေနေရာရှိ စန်းကားယာယီတိမ်းရှောင်စခန်းနှင့် ချီဖွေယာယီတိမ်းရှောင်စခန်းသို့လည်းကောင်း၊ မန်ခိန်နယ်မြေ(၁၃) ဦးရီဆာခြံမြေကွက်ရှိ ယာယီတိမ်းရှောင်စခန်းသို့လည်းကောင်း၊ နယ်မြေ(၁၂) ဦးမော်ရာဟူးခြံမြေရှိ ယာယီတိမ်းရှောင်စခန်းသို့လည်းကောင်း၊ နယ်မြေ(၆)ရှိ ပထမလီဆူနှစ်ခြင်းအသင်းတော်စခန်းသို့လည်းကောင်းသွားရောက်၍ အိမ်ထောင်စုများနှင့် ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံကာ အိမ်‌ထောင်စုများ၏လိုအပ်ချက်များကိုမေးမြန်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုးချဲ့ဆောင်များဆောက်လုပ်နိုင်ရေးနှင့် လူနေဆောင်များပြုပြင်နိုင်ရေးအတွက် ဝါး၊ တာပေါ်လင်တို့ဝယ်ယူနိုင်ရေး ထောက်ပံ့ငွေများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး အခြားလိုအပ်ချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၈ နာရီကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည့် မနောတိုင်ပြန်လည်ဖြုတ်သိမ်းနိုင်ရေး ဆုတောင်းဆပ်ကပ်ခြင်းအခမ်းအနားသို့ တက်‌ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က (၇၈)နှစ်မြောက်ကချင်ပြည်နယ်နေ့အခမ်းအနား မနောပွဲတော်ကြီးကို ရိုးရာအစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့ပြီဖြစ်သဖြင့် လိုအပ်သည်များကို ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အဖွဲ့အစည်းအသီးသီးအား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်လာမည့်နှစ်များတွင်လည်း ပြည်နယ်နေ့အခမ်းအနားမနောပွဲတော်ကြီးကို လွန်ခဲ့သည့်နှစ်များထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းပါဝင်ကြရန်လိုကြောင်းပြောကြားသည်။

ထို့နောက် သိက္ခာတော်ရ ဆရာတော် ဦးလဘွေနော်ဘောက်၊ ဘုန်းတော်ကြီး ပေါလ်ဘရန်မိုင် နှင့် ဖာသာ ဒေါက်တာယုံဝါတို့က မနောတိုင်ပြန်လည်ဖြုတ်သိမ်းနိုင်ရေး ကောင်းချီးပေးဆုတောင်းခြင်းများအား ခံယူခဲ့ကြသည်။