ကချင်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ပြည်နယ်၏လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတိုးတက်‌ကောင်းမွန်စေရေး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား ဇွန် ၁၅

ကချင်ပြည်နယ်၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတိုးတက်ကောင်းမွန်စေရေးနှင့် ဝန်ဆောင်မှုအရည်အသွေးမြှင့်တင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်သည် ယနေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်/ခရိုင်/မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးက ပြည်သူလူထု၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်သည် နေ့စဉ်မရှိမဖြစ်လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို စေတနာအရင်းခံ၍ ပြီးမြောက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးခန့်ထက်နှင့် ခရိုင်/မြို့နယ် အင်ဂျင်နီယာများနှင့် တာဝန်ရှိသူများက ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတိုးတက်ကောင်းမွန်လာစေရေးလုပ်ငန်းအစီအမံများ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတည်ငြိမ်ကောင်းမွန်လာစေရေး၊ အများပြည်သူအဆင်ပြေချောမွေ့သည့် လျှပ်စစ်ဝန်ဆောင်မှုများပေးနိုင်ရေးနှင့် ဒေသအလိုက်လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။