ကချင်ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ရသော ကျေးရွာစီမံကိန်း လုပ်ငန်းများ ကဏ္ဍအလိုက် ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

 ကချင်ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ရသော ကျေးရွာစီမံကိန်း လုပ်ငန်းများ ကဏ္ဍအလိုက် ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

မြစ်ကြီးနား     စက်တင်ဘာ ၁၃

          နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် ကချင်ပြည်နယ်စီးပွားမြှင့်တင်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ရသော ကျေးရွာစီမံကိန်းလုပ်ငန်းများကို ကဏ္ဍ အလိုက် ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများ အနေဖြင့် လုပ်ငန်းတာဝန်များကို ချိတ်ဆက်ပူးပေါင်းကြိုးစားထမ်းဆောင်ကြရေး စက်တင်ဘာ ၁၃ ရက် ညနေ ၄ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ပြည်နယ်/ခရိုင်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၏လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်ဝန်ကြီးချုပ်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် ရင်းနှီးမတည်ပေးခဲ့သည့် ငွေကျပ် ၈ ဘီလီယံအား စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြှင့်မားလာစေရေး အကောင် အထည်ဖောင်ဆောင်ရွက်ရမည့် လမ်းညွှန်မှာကြားချက်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၏လုပ်ထုံး လုပ်နည်းအမိန့်ညွှန်ကြားချက်များနှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမနှင့် ငါးလုပ်ငန်းများ တွင် ရင်းနှီးမတည်လုပ်ကိုင်နိုင်ရေး စီမံကိန်းကျေးရွာ (၁၃၆)ရွာ ရွေးချယ်သတ်မှတ်ခဲ့ပြီး သက်ဆိုင်ရာ ဌာနများအနေဖြင့် ကဏ္ဍအလိုက် လုပ်ငန်းများ လျင်မြန်ထိရောက်စွာ ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ ခရိုင်/ မြို့နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များအနေဖြင့်လည်း လုပ်ငန်းတာဝန်များကို ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ထို့အပြင် စီမံကိန်းကျေးရွာများ တွင် ဆန်စက်၊ဆီစက်၊ ပဲခွဲစက် အစရှိသည့် SME လုပ်ငန်းများကိုလည်း လည်ပတ်မှုကောင်းမွန်အောင်  အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငွေကြေးသုံးစွဲမှုများကိုလည်း လေလွင့်မှု များမဖြစ်ပေါ်စေရေး ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်မတ်လုပ်ဆောင်ကြရန် လိုအပ် ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက်  ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက စီမံကိန်းကျေးရွာ များတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမနှင့် ငါးလုပ်ငန်းများတွင် ရန်ပုံငွေများ ရင်းနှီးမြှုပ်နှံ မတည်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး တက် ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်/ ခရိုင်အဆင့် ကျေးရွာ စီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာမြို့နယ်များအလိုက် စီမံကိန်းကျေးရွာများ တွင် ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များ၊ စီမံကိန်းအကောင်အ ထည်ဖော်ဆောင်ရွက်နိုင်ရေး (TOT) ဆရာအဖြစ်သင်တန်းများ ဖွင့်လှစ်ပို့ချပြီးစီးမှု အခြေအနေများနှင့် လုပ်ငန်းကော်မတီအသီးသီး ဖွဲ့စည်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။

          ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စီမံကိန်းကျေးရွာများတွင် စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ မြှင့်တင်နိုင်ရေး သမဝါယမအသင်းစုလုပ်ငန်းများ နှင့် ချိတ်ဆက်ပေါင်းစပ်ဆောင်ရွက်ခြင်းအားဖြင့် ရင်းနှီးမတည်ငွေများ တိုးပွားလာစေပြီး ကျန်ရှိသည့် ကျေးရွာများတွင်လည်း တိုးချဲ့လည်ပတ်နိုင်ရန် စီမံဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပေးအပ်ခဲ့သော ငွေကျပ် ၈ ဘီလီယံအား ပြည်နယ်ကော်မတီအနေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာစီမံကိန်းများ ကို မြို့နယ်ပေါင်း ၁၄ မြို့နယ်တွင်  စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်မည့်ကျေးရွာ ၈၁ ရွာ၊ သမဝါယမ လုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ ၃၅ ရွာ၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့်ကျေးရွာ ၁၅ ရွာနှင့် ငါးလုပ်ငန်းဆောင်ရွက်မည့်ကျေးရွာ ၅ ရွာ စုစုပေါင်း ကျေးရွာ ၁၃၆ ရွာတွင် ရန်ပုံငွေများကို ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ မတည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။