ကချင်ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ (၃၄)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

မြစ်ကြီးနား     နိုဝင်ဘာ  ၁၃

ကချင်ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ (၃၄)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်၊ မြို့အသင်းခွဲများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကချင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းက (၃၄)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် အသင်းကြီး၏ ရှေ့လုပ်ငန်းစဉ်များအ‌ပေါ် ကချင်ပြည်နယ်အတွင်းလုပ်ငန်းစဉ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ခရိုင်၊မြို့နယ်၊မြို့အသင်းခွဲများအားလုံးက တစ်ပြေးညီ တစ်ညီတစ်ညွတ်တည်း ကြိုးပမ်းဆောင်ရွက်ကြရေး ရှင်းလင်းပြောကြားပြီး ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဒေါ်သန္တာဝင်း က (၃၄) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးဆုံးဖြတ်ချက်များအား ထပ်ဆင့်ရှင်းလင်းတင်ပြခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ကြီးကြပ်ရေးအဖွဲ့နှင့်အတူ  ခရိုင်/ မြို့နယ်၊ မြို့အသင်းခွဲများ၏ လုပ်ငန်းများစဉ်များအပေါ်  လှုပ်ရှားဆောင်ရွက်နိုင်ခဲ့သည့် ဂုဏ်ပြုဗီဒီယိုကလစ် ဖွင့်လှစ်ပြသမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ကြီးကြပ်‌ရေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာဖြူဖြူသန့်က အသင်း၏ လုပ်ငန်းလှုပ်ရှားဆောင်ရွက်မှုများကိုလည်းကောင်း၊ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ ဘဏ္ဍာရေးမှူးက ၂၀၂၄-၂၀၂၅ ခုနှစ်၊ ငွေစာရင်းရှင်းတမ်းများကို လည်းကောင်း၊ ခရိုင်ကြီးကြပ်ရေးအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ်၊ အသင်း၏ လုပ်ငန်းလှုပ်ရှားဆောင်ရွက်မှုများကိုလည်းကောင်း ပါဝါပွိုင့်ဖြင့် အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာသည့် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဝင်များက တင်ပြချက်များ အပေါ် သုံးသပ်ရှင်းလင်းဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်သွားရမည့် အစီအစဉ်များအပေါ် အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့နာယကကြီးက နိဂုံးချုပ်အမှာ စကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့နှင့် ခရိုင်အလိုက် လုပ်ငန်း လှုပ်ရှားဆောင်ရွက်နိုင်ခဲ့မှု မှတ်တမ်းဓာတ်ပုံပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။