ကချင်ပြည်နယ်ဝန်ကြီးချုပ် ကချင်ပြည်နယ်၏၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်နယ်ပညာ‌ရေးစုံညီပွဲတော် တက်ရောက်အားပေး၊ (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့အတွက် မနောတိုင်စိုက်ထူ၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားများ တက်ရောက်

မြစ်ကြီးနား     ဇန်နဝါရီ  ၅

          ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကချင်ပြည်နယ်၏ ပညာရေးစုံညီပွဲတော်ကို မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ယနေ့ နံနက် ၈ နာရီက အခြေခံပညာကျောင်းပေါင်းစုံ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်အား အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ ဆရာမများနှင့် ဘင်ခရာပန်းပွားအဖွဲ့များက ချီတက်အလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိဘ၊ ဆရာ၊ ကျောင်းသား ပိုမိုရင်းနှီးပြီး ပညာရေးတိုးတက်ဖွံ့ဖြိုးမှုအတွက် ပူးပေါင်းပါဝင်မှု ပိုမိုမြင့်မားလာစေရန်၊ ပူးပေါင်းမှုဖြင့် ပညာရေးအကောင်အထည်ဖော်ဆောင်ရွက်မှု ပိုမိုအောင်မြင်လာစေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ပညာရေးစုံညီပွဲတော်ကို ကျင်းပပြုလုပ်ခြင်းပင်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဘက်စုံပညာပြည့်ဝသည့်နိုင်ငံ့သားကောင်းများအဖြစ် ပြုစုပျိုးထောင်ပေးနိုင်သည့် အခြေခံပညာကျောင်းများအနေဖြင့် မိဘများနှင့် ပူးပေါင်းလက်တွဲပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်လာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ပညာရေးမှူး ဦးစိုးသိုက်တို့က ပညာရေးစုံညီပွဲ‌‌တော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အလေးပြုခံစင်မြင့်မှ ပြည်နယ်ဝန်ကြီးချုပ်အား ကျောင်းပေါင်းစုံပါဝင်သည့် စစ်ကြောင်း(၇)ကြောင်းက စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြု၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။

          ဆက်လက်၍ မြစ်ကြီးနားမြို့ပေါ်ရှိ အထက်တန်း/အလယ်တန်းကျောင်းများနှင့်ကိုယ်ပိုင်‌ကျောင်းများမှ ကျောင်းသား /သူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသားမိဘများက“စုံညီပွဲတော်ဒို့နွဲ့ပျော်” သီချင်းဖြင့်လည်းကောင်း၊“တို့ကျောင်းတော်” သီချင်းဖြင့်လည်းကောင်း၊ (PE-22) Physical Fitness Exercise လေ့ကျင့်ခန်းများဖြင့် လည်းကောင်း၊ တိုင်းရင်းသားရိုးရာအကအလှများဖြင့်လည်းကောင်း ကချင်ပြည်နယ်စုံညီပွဲတော်ကို သရုပ်ဖော်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲတွင် ဆုရရှိသော အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာအဖွဲ့၏ သရုပ်ပြဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ဖျော်ဖြေရေးအဖွဲ့များအတွက် ကောက်ညှင်းပေါင်း၊ အကြော်စုံနှင့် ရေသန့်ဘူးများကို ကျွေးမွေးခဲ့ကြသည်။

          ထို့နောက် ကျောင်းစာသင်ခန်းများအတွင်း အခြေခံပညာကျောင်းများ၏ လက်မှုပညာပြခန်းနှင့် သင်ထောက်ကူပညာပြခန်းများ၊ ကျောင်းသားစွမ်းရည်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

          ယင်းနောက် ပညာရေးစုံညီပွဲတော် အခမ်းအနားကို အေးမြသီတာခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ကျောင်းသား /ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်း၊ အထက်တန်းအဆင့် ပထမဆုရ ပညာဘဏ်အကတို့ဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ကြသည်။

          ဆက်လက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် ထူးချွန်ဆုများကို ချီးမြှင့်ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက နိုင်ငံတော်အဆင့် သင်္ချာစွမ်းရည်နှင့် အင်္ဂလိပ်စာ စွမ်းရည်ဆုရရှိသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် ပထမဆု၊ ထူးချွန်ဆရာဆု၊ အာရှထူးချွန်ဆရာဆု၊ နိုင်ငံတော်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပထမနှင့် တတိယဆု၊ ဘင်ခရာပြိုင်ပွဲတွင် ဆုရ အသင်းများ၊ ကိုယ်ပိုင်ကျောင်းဖွံ့ဖြိုးမှု စွမ်းဆောင်ရည်ဆု၊ နိုင်ငံတော်အဆင့် အားကစားထူးချွန်ဆုရရှိသူများ၊ ပြည်နယ်အဆင့်ပြိုင်ပွဲများတွင် ကဏ္ဍအလိုက် ဆုရရှိသူများနှင့် လုပ်ငန်းစွမ်းဆောင်ရည်ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူလေးများ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်မည့် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကချင်တိုင်းရင်းသားတို့၏ ဂုဏ်ယူဖွယ်ရာ ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သော မနောအကဖြင့် စုပေါင်းညီညွတ်စွာ ဆင်နွှဲနိုင်ရေးအတွက် မနောတိုင် စိုက်ထူခြင်း အခမ်းအနားသို့ တက်ရောက်သည်။

  ဦးစွာ မနောတိုင် စိုက်ထူနိုင်ရေး သိက္ခာတော်ရဆရာ ဦးဇုန်းကျန်းက ကျမ်းစာဖတ်ဆုတောင်း ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နေ့ အခမ်းအနား အောင်မြင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်လာစေရေး စသည့် ဆုတောင်းခံချက်များကို တင်ပြရာ ဘုန်းတော်ကြီးပေါလ်ဘရန်မိုင်က ကောင်းချီးတောင်းခံပေးခြင်း၊ မနောအက ဦးဆောင်သူ နောင်ရှောင်အဖွဲ့က မနောအကကို ရိုးရာအစဉ်အလာနှင့်အညီ အတူတကွ ဆင်နွှဲနိုင်ရေးအတွက် ကောင်းချီးပေး၍ ဖာသာဒေါက်တာယုံဝါက ကောင်းချီးတောင်းခံ ဆုတောင်း ဆက်ကပ်ခဲ့ကြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး မနောတိုင်အား တက်ရောက်လာသူများနှင့်အတူ စုပေါင်းစိုက်ထူခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် စီတာပူရပ်ကွက်၊ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် မြစ်ကြီးနားမြို့ရှိ အထင်ကရ အဓိကနေရာတစ်ခုဖြစ်သည့် ဂျော်ဘွမ်ဆုတောင်းတောင်ပေါ် တည်ဆောက်သွားမည့် ခန်းမ(၃)ထပ်ဆောင် ဆောက်လုပ်နိုင်ရေးအတွက် ရန်ပုံငွေစတိတ်ရှိုးပွဲသို့ တက်ရောက်အားပေးခဲ့ကြပြီး နိုင်ငံကျော်အဆိုတော် မရန်ဆိုင်းနော်၊ Miss Grand International ဂျေကေဆိုဖီယာနှင့် ကချင်တိုင်းရင်းသားအဆို တော်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ခန်းမ(၃)ထပ်ဆောင် တည်ဆောက်နိုင်ရေးအတွက် အလှူငွေကျပ် ၂၅ သိန်းနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် ဇနီးတို့က အလှူငွေကျပ် ၁၀ သိန်းကို ထည့်ဝင်လှူဒါန်းခဲ့ကြ သည်။

ထို့အပြင် ယမန်နေ့ ညပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြပြီး ဂုဏ်ပြုညစာစားပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက် ရောက်ခဲ့ကြပြီး ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြကာ မလိခ Music Band ၏ ဖျော်ဖြေ တင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံက အတူဆင်နွှဲ ရွေးကောက်ပွဲ တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသော အဆိုရှင် နှစ်ဦးအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

0-3264×2448-0-0-{}-0-12#
0-4064×3048-0-0-{}-0-12#
0-4064×3048-0-0-{}-0-12#