ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား     အောက်တိုဘာ ၁၆

          နှစ်စဉ် အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာ မျက်မမြင်လမ်းလျှောက်တုတ်နေ့ (International White Cane Day) အထိမ်းအမှတ်အခမ်းအနားကို (၁၉)ကြိမ်မြောက် အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ယမန်နေ့ နံနက် ၆ နာရီတွင် ကျင်းပပြုလုပ်ရာ အေးမြသာယာမျက်မမြင်သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ကျောင်းသား/ ကျောင်းသူများ၊ လင်းလက်ကြယ် မျက်မမြင်အဖွဲ့ဝင်များ၊ မသန်စွမ်းအသင်းအဖွဲ့အသီးသီး မျက်မမြင်များနှင့် အမြင်အာရုံချို့တဲ့သူများ ပါဝင်သည့် မျက်မမြင်လမ်းလျှောက်ပွဲကို ပြည်သူ့အားကစားကွင်းရှေ့ စုရပ်မှ စတင်တာလွှတ် သည်။

          ၎င်းတာလွှတ်ရာသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မျက်မမြင်သူများ၊ အမြင်အာရုံချို့တဲ့သူများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရပ်ဘက်လူမှုကူညီရေးအသင်းအဖွဲ့များအား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက မျက်မမြင်လမ်းလျှောက်ပွဲကို သေနတ်ပစ်ဖောက်တာလွှတ်ပေးသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များဦးဆောင်၍ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက မျက်မမြင်များ၊ အမြင်အာရုံချို့တဲ့သူများနှင့်အတူ သခင်နက်ဖေလမ်း၊ ဆမားလမ်း၊ ထိုမှတစ်ဆင့် ဆွမ်ပရာဘွမ်လမ်း၊ စိန်ပန်းရုံးရှေ့လမ်းမှတစ်ဆင့် မျက်မမြင်များအား ဖေးမကူညီ၍ တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း ပြန်လည်ဝင်ရောက်ကြရာ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး ကချင်ပြည်နယ်ရဲတပ်ဖွဲ့နှင့် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့က နံနက်စာအဖြစ် ကြာဇံကြော်၊ ခေါက်ဆွဲကြော်ဘူးများ၊ အချိုရည်နှင့် ရေသန့်ဘူးများကို ဒါနပြုလှူဒါန်းပေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတကာ မျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ်အခမ်းအနားကို မိုးလုံလေလုံအားကစားခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက လမ်းလျှောက်တုတ် White Cane ကို မျက်စိနှင့် ကြည့်မြင်နိုင်သူအား စောင့်ရှောက်ပါဟု ဖိတ်ခေါပြီး White Cane ကိုင်ဆောင်သူမျက်မမြင်များကိုလည်း ကိုယ့်အားကိုယ်ကိုးကြရန် တိုက်တွန်းနေသည့်အဓိပ္ပါယ်ကို ဖော်ဆောင်သည့်အတွက် လမ်းလျှောက်တုတ်ကိုကိုင်လျက် မိမိသွားလိုရာ မိမိဘာသာကြိုးစားအားထုတ်လျှောက်လှမ်းရာတွင် လမ်းလျှောက်တုတ် ကိုင်ဆောင်ကြသည့် မျက်မ မြင်သူများကို ပြည်သူလူထုက တတ်အားသမျှ ကူညီစောင့်ရှောက်ပေးခြင်းဖြင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ လိုရာခရီးကို သွားနိုင်ကြမည်ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားသည်လည်း စက္ခုနှစ်ကွင်း အလင်းမရရှာသည့် မျက်မမြင်ပုဂ္ဂိုလ်များကို ကြင် နာမှုအပြည့်အဝနှင့် စာနာထောက်ထားပြီး အားပေးချီးမြောက်ခြင်းပင်ဖြစ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။ ထို့နောက်  မျက်မမြင်သင်တန်းကျောင်းမှ သင်တန်းသား/ သင်တန်းသူများ၏ စင်တင်တေးဂီတအစီအစဉ်အဖြစ် ခေတ်ပေါ်တေး သီချင်းများ သီဆိုဖျော်ဖြေခြင်း၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက မျက်မမြင်အဖွဲ့များအတွက် ချီးမြှင့်ငွေများနှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌက ချီးမြှင့်ငွေများကို အသီးသီးထောက်ပံ့ပေးအပ်ကြရာ အေးမြသာယာမျက်မမြင်ကျောင်းအုပ်ကြီး ဦးဂမ်ဖန်က ကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။