ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ သဲဖြူကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီးအား အမှူးထား၍ စက္ကုဒါနအဖြစ် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်လျက်ရှိ

မြစ်ကြီးနား      အောက်တိုဘာ ၁၇

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ သဲဖြူကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီးအား အမှူးထား၍ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ကချင်ပြည်နယ်အစိုးရ အဖွဲ့၏ ပံ့ပိုးမှု၊ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ပြည်နယ်အတွင်းရှိ ဒေသခံမျက်စိရောဂါဝေဒနာခံစားနေရသူများအား စက္ကုဒါနအဖြစ် အခမဲ့မျက်စိစမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်သွားမည်ရာ ယနေ့ နံနက်ပိုင်းတွင် ပြည်သူ့ဆေးရုံကြီးသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ထောက်ပံ့မှုနှင့် ပံ့ပိုးမှုဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးသွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထိုသို့ အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်းလုပ်ငန်းများအတွက် ပြည်သူ့ဆေးရုံကြီး (၃) ထပ် လူနာဆောင်၌ လက်ခံဆောင်ရွက်နေမှုကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချူပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းခွဲစိတ်၊ အထူးကုဆေးရုံကြီး(မန္တလေး)မှ မျက်စိအထူးကုဆရာဝန် ဒေါက်တာဝင်းထွန်းနိုင်နှင့် မျက်စိအထူးကုဆေးရုံ(စဉ့်ကိုင်မြို့)မှ အထူးကုဆရာဝန် ဒေါက်တာရီလင်းတို့ ဦးဆောင်၍ အထက်တန်းသူနာပြုများ၊ အကူသူနာပြုများ၊ မြစ်ကြီးနားပြည်သူ့ဆေးရုံအုပ်ကြီးနှင့် မျက်စိအထူးကုဆရာဝန် နှင့်သူနာပြုများ၊ အမှတ် (၁) တပ်မတော်ဆေးရုံ(ကုတင်-၃၀၀)မှ အထူးကုဆရာဝန်တို့နှင့်အတူ ကချင် ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒူဝါ‌‌‌ဒေါက်တာဘွမ်ယွမ်နှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းကူညီမှုဖြင့် မျက်စိစမ်းသပ်ကုသရန် လာရောက်ကြသူများအား စာရင်းသွင်းလက်ခံခြင်း၊ စမ်းသပ်ပေးခြင်းနှင့် ခွဲစိတ်ကုသပေးသွားမည့် အစီအစဉ်များကို လည်းကောင်း၊ ဆရာတော်ကြီး ကြွ ရောက်လာပါက အခမ်းအနားဖြင့် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ မျက်စိခွဲစပ်ကုသခံလူနာများအား ကျွေးမွေးဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။

          ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပြည်နယ်မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်းဝင်များက မျက်စိစမ်းသပ်ခွဲ စိတ်ကုသရန် လာရောက်ကြသည့် ဒေသခံပြည်သူများအား မုန့်နှင့်ရေသန့်ဘူများကို လိုက်လံဝေငှ ကျွေးမွေးခဲ့ကြသည်။

          အဆိုပါ စက္ကုဒါနအဖြစ် အခမဲ့မျက်စိခွဲစိတ်ကုသပေးခြင်းကို မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး အဆိုပါ (၃)ထပ်လူနာဆောင်၌ အောက်တိုဘာ ၁၆ ရက်နေ့မှ စတင်၍ စာရင်းကောက်ယူခြင်း၊ စမ်းသပ်ကုသပေးခြင်း၊ ခွဲစိတ်ကုပေးခြင်း လုပ်ငန်းများကို အောက်တိုဘာ ၂၃ ရက်နေ့အထိ ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။