ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်က်ြီးနားတက္ကသိုလ်ဝင်းအတွင်း မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ စုပေါင်းစိုက်ပျိုး

မြစ်ကြီးနား     မေ ၂၁

          ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ‌တော် ကို မေ ၂၁ ရက် နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ နှင့် ဖူဆယ်ဘောလုံးကွင်းဘေး ကွင်းပြင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြသည်။

          မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးတူးဂျာ ၊ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်တို့သည် ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မြစ်ကြီးနားတက္ကသိုလ်ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ နည်းပြဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ အရပ်ဖက်လူမှုပရဟိတအသင်းအဖွဲ့များ စုပေါင်း၍ သတ်မှတ်နေရာအသီးသီး၌ ယမနေ၊ သစ်အယ်၊ ပျဉ်းကတိုး၊ တမလန်း၊ မျောက်လုပ်၊ သစ်တို၊ ခလောင်၊ ငါးပေါက်၊ ချယ်ရီ အစရှိသည့် အရိပ်ရသစ်ပင်ကြီးမျိုး (၄၀၀)ကျော်တို့ကို တစ်ပျော်တစ်ပါး စုပေါင်း       စိုက်ပျိုးခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မေ ၂၀ ရက် ညနေပိုင်းတွင် မေ ၁၀ ရက်နေ့မှ စတင်၍ မြစ်ကြီးနားမြို့နယ်မြေခံတပ်အားကစားကွင်း၌ ကျင်းပခဲ့သည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း နောက်ဆုံးဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ် ဝန်ကြီးချုပ်က တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးထံ တိုင်းစစ်ဌာနချုပ်အတွက် အားကစားအထောက် အကူပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ် ဝန်ကြီးများ၊ တပ်ရင်းတပ်ဖွဲ့များမှ တပ်မိသားစုဝင်များနှင့်အတူ ဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနား တပ်နယ်(က)အသင်းနှင့် မြစ်ကြီးနားတပ်နယ် (ဆ)အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေး ကြရာ မြစ်ကြီးနားတပ်နယ်(က)အသင်းက ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။

          ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် တပ်မတော်အရာရှိကြီးများက တတိယဆုရ အသင်း၊ ဒုတိယဆုနှင့် ပထမဆုရအသင်းတို့အား တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့် ငွေများ၊ ဒုတိယတိုင်းမှူးက ပြိုင်ပွဲတစ်လျှောက်နေရာအလိုက်အကောင်းဆုံးကစားသမားများအတွက် ဂုဏ်ပြုဆုတံဆိပ်များနှင့် တိုင်းမှူးက ပထမဆုရ မြစ်ကြီးနားတပ်နယ်(က)အသင်းအတွက် ဒိုင်းဆုကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။