ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရေးရာသီတွင် သီးထပ်စွမ်းအားနှင့် ဆီထွက် သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ဒေသအလိုက် ဆန်စက်၊ ဆီစက်၊ ပဲခွဲစက်များ အဆင့်မြှင့်တင်/ အသစ်တည်ဆောက်ခြင်း လုပ်ငန်းများ တိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဒီဇင်ဘာ ၄

          ကချင်ပြည်နယ်အတွင်း (၅)နှစ်စီမံကိန်းဖြင့် သီးထပ်စွမ်းအား ၂၀၀ ရာခိုင်နှုန်းရရှိရေးနှင့် ဆီထွက်သီးနှံ ၁၀၀ ရာခိုင်နှုန်း ပြည့်မီကျော်လွန်စေရေး၊ ဆန်စက်၊ ဆီစက်နှင့် ပဲခွဲစက်များ အဆင့်မြှင့် တင်/ အသစ်တိုးချဲ့တည်ဆောက်ခြင်းများအတွက် ပန်းတိုင်ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီတွင် ခရိုင်/ မြို့နယ်များအလိုက် လုပ်ငန်းတိုးတက်မှုအခြေအနေများ နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၄ ရက် မွန်းလွဲ ၁ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ရုံး ခါကာဘိုရာဇီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လာမည့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီတွင် သီးထပ်စိုက်စွမ်းအားနှင့် ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေး မြို့နယ်အလိုက် တိုးမြှင့်ဆောင်ရွက်သွားမည့်လုပ်ငန်းအစီအမံများအပေါ် စီမံချက်ရေးဆွဲ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်၏ စီးပွားရေး ရည်မှန်းချက် ပြည့်မီစေရေးနှင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် မိမိတို့သတ်မှတ်ထားသည့် ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရေးကြီးလုပ်ငန်းစဉ်အဖြစ် အလေးအနက် ထားကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် မြို့နယ်အလိုက် ပန်းတိုင်ရည်မှန်း ချက်ပြည့်မီကျော်လွန်အောင် မဖြစ်မနေကြိုးစား‌ဆောင်ရွက်ကြရန် ထပ်မံအသိပေးတိုက်တွန်းလိုပါ ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်-၂၀၂၅ ခုနှစ်အတွင်း မိုးစပါးစိုက်ပျိုးထုတ်လုပ်နိုင်မှု အခြေအနေများ၊ သီးနှံစိုက်စွမ်းအား တိုးမြှင့်စိုက် ပျိုးရန် လျာထားချက်ထားရှိမှုအပေါ် ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆီထွက်သီးနှံ နေကြာအပါအဝင် ပဲပုတ်၊ ဆီမုန်းညှင်း၊ ပန်းနှမ်း စသည့် မျိုးကွဲအလိုက် တိုးချဲ့စိုက်ပျိုးနိုင်ရေး မျိုးစေ့ ဖြန့်ဝေပေးနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ယင်းနောက် တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာ ခရိုင်များအလိုက် မိုးစပါးစိုက်ပျိုးရိတ်သိမ်းနေမှု အခြေအနေများ၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး သတ်မှတ်လျာထားချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုတင်ဆောင်ရွက်လျက် ရှိသည့် အခြေအနေများ၊ မျိုးစေ့ဖြန့်ဝေပေးနိုင်မှုနှင့် မြို့နယ်အလိုက် လျာထားချက်ပြည့်မီအောင် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဒေသတွင်း ဆန်စက်၊ ဆီစက်နှင့် ပဲခွဲစက်များ တည်ထောင်ထားရှိမှုအပေါ် အဆင့်မြှင့်တင်နိုင်မှု/ အသစ်တည်ဆောက်နိုင်မှု အခြေအနေများကို ပါဝါ ပွိုင့်များဖြင့် အသီးသီးရှင်းလင်းတင်ပြကြသည်။

          တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မိုးစပါးရိတ်သိမ်းမှု အဆင်ပြေချောမွေ့စေရေး၊ မိုးစပါးရိုးပြတ်ကျန်လယ်မြေအားလုံးတွင် ဆီထွက်သီးနှံနှင့် သီးထပ်တိုးချဲ့ စိုက်ပျိုးနိုင်ရေး လိုအပ် သည့် သွင်းအားစုများ ဖြည့်ဆည်းပေးနိုင်ရေးနှင့် သတ်မှတ်လျာထားချက် ပြည့်မီအောင် တစ်နှစ် ထက်၊ တစ်နှစ် စနစ်တကျ တိုးချဲ့အကောင်အထည်ဖော်နိုင်ရေး၊ ဆန်စက်၊ ဆီစက်နှင့် ပဲခွဲစက်များ အဆင့်မြှင့်တင်ခြင်း၊ အသစ်တိုးချဲ့တည်ဆောက်ရေးအတွက် ကြိုတင်တွက်ချက်သုံးသပ်ထားရှိရေးနှင့် လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ကချင်ပြည်နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုတွင် စိုက်ဧက စုစုပေါင်း (၄၇၄၄၇၇)ဧကအနက် နိုဝင်ဘာလကုန်ထိ ဧက (၃)သိန်းကျော်ရိတ်သိမ်းခဲ့ရာ အထွက်နှုန်း ၇၀ ဒဿမ ၇၇ ရာခိုင်နှုန်း ရရှိထားပြီး သီးထပ်စိုက်ပျိုးမှုကို ဧကပေါင်း ၂၆၈၀၀၀ ဧကထိ တိုးချဲ့စိုက် ပျိုးရန် လျာထားလျက်ရှိသည့်အပြင် ဆီဖူလုံမှုရာခိုင်နှုန်း ပြည့်မီကျော်လွန်စေရေး ဆီထွက်သီးနှံများ ဖြစ်သည့် မြေပဲ၊ နေကြာ၊ နှမ်း၊ ပန်းနှမ်း၊ ဆီမုန် ညှင်း၊ ပဲပုတ် စသည့်တို့ကို စိုက်ဧက ၃ သိန်းကျော်ထိ တိုးချဲ့စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။