ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအတွင်းရှိ မဒိန်ကွင်း စနစ်တကျစက်မှု လယ်ယာ ဧက ၁၀၀ မိုးစပါးစံပြစိုက်ကွင်းအတွင်း ဆောင်းသီးထပ်လယ်သီးနှံအဖြစ် နေကြာနှင့် ပဲပုပ်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်၊ ဝန်ထမ်းများအား ဟင်းသီးဟင်းရွက်များ ဖြန့်ဝေပေးအပ်

မြစ်ကြီးနား     ဒီဇင်ဘာ ၁၉

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း သီးထပ်စိုက်စွမ်းအား ၂၀၀ ရာခိုင်နှုန်း တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းအားဖြင့် ဒေသတွင်း စားဆီဖူလုံမှု ၁၀၀ ရာခိုင်နှုန်းကျော် ရရှိရေး အတွက် (၅)နှစ်စီမံကိန်းချမှတ်၍  ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၉ ရက် နံနက် ၈ နာရီက ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအုပ်စု၊ မဒိန်ကွင်းသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်အစီအစဉ်ဖြင့် မိုးစပါးရည်မှန်းချက်အထွက်နှုန်းရရှိရေး စနစ်ကျစက်မှုလယ်ယာ ဧက (၁၀၀) စံပြစိုက်ကွင်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သည့် မဒိန်ကွင်းအတွင်း မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်ကျန် လယ်ဧက ၁၀၀ လုံးတွင် နေကြာစိုက်ဧက ၅၀ နှင့် ပဲပုပ်စိုက်ဧက ၅၀ စိုက်ပျိုးနိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အချိန်မီစိုက်ပျိုးနိုင်ရေး လိုအပ်ချက်များနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ၏ ရှင်းလင်းတင်ပြ ကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ်  ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်ကျန်လယ်များတွင် စိုက်ပျိုးဆောင်ရွက်နိုင်သည့် ဒေသအားလုံး၌ လယ်သီးထပ်ဆောင်းသီးနှံ အဖြစ် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည့် အတွက် ယနေ့ မဒိန်ကွင်းအတွင်း ဧက ၁၀၀ လုံး သီးထပ်စိုက်ပျိုးချိန်မီ ထယ်ရေးဝင်ရောက်နိုင်ရေး လယ်ထွန်စက်ကုန်ကျစရိတ်အား ပံ့ပိုးကူညီပေးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုး ရေ ရရှိရေးအတွက် ဆိုလာစက်ရေတွင်း ထပ်မံတူးဖော်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက စိုက်ကွင်းအတွင်းရှိ တောင်သူများ အတွက် စိုက်ပျိုးရေးဦးစီးဌာနက အခမဲ့ပံ့ပိုးပေးအပ်သည့် ရေဆင်း(၁၅)ပဲပုပ်မျိုးစေ့၊ ဆင်း(၃)စပ်မျိုး နေကြာမျိုးစေ့အိတ်များနှင့် သဘာဝမြေသြဇာအိတ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တောင်သူများ၏ လယ်များအတွင်း နေကြာမျိုးစေ့များ စုပေါင်းကြဲပက်သရုပ်ပြသမှုများနှင့် စက်မှုလယ်ယာဦးစီးဌာနမှ လယ်ထွန်စက်များဖြင့် ထယ်ရေးထွန်ယက်ပေးနေမှုများကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေး ခဲ့ကြသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/ အမှုထမ်းများအပါအဝင် ပြည်နယ်အစိုးရအဖွဲ့ ရုံး၌ တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသော ဌာန/ အဖွဲ့အစည်းများမှ ဝန်ထမ်းများအတွက် ခရစ္စမတ်ကာလ ဝန်ထမ်း မိသားစုများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး ဟင်းသီးဟင်းရွက် များနှင့် ဘူးသီး၊ ခရမ်းသီး၊ ဖရုံသီးများကို အခမဲ့ ပံ့ပိုးချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ စုပေါင်းရုံး အတွင်းရှိ မနောရွှေပြည်ခန်းမ၌ နယ်မြေအခြေအနေအရ မြစ်ကြီးနားမြို့တွင် ရောက်ရှိလာသော ဗန်းမော်ခရိုင်အတွင်းမှ ဝန်ထမ်းများအား ဆန်ရိက္ခာ၊ ဆီနှင့် ပံ့ပိုးငွေများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား သို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေးစကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု များအတွက် အာဆီယံအပေါင်းသုံးအရေးပေါ်ဆန်အရန်ရိက္ခာ(APTERR)အစီအစဉ်(၃)အရ ကိုရီးယား သမ္မတနိုင်ငံမှ လှူဒါန်းသော ကီလိုဂရမ်(၄၀)ပါ ဆန်အိတ် (၁၇၁)အိတ်၊ စားအုန်းဆီ (၁)ပိဿာစီနှင့် ငွေကျပ် (၁) သိန်းစီ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။