ကချင်ပြည်နယ်ဝန်ကြီးချုပ် လဝမ်ကထောင်နှင့် ဟိုလော်ကျေးရွာများ ဧရာဝတီမြစ်ကမ်းပြိုကာကွယ်ရေး ကျောက်စီမြေထိန်းနံရံတည်ဆောက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး၊ အောင်နန်းဂျာမေ့ဗလီ၏ အစ္စလာမ်ဘာသာရေးဆိုင်ရာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ထူးချွန်ဆုပေးအပ်ချီးမြှင့်ပွဲသို့ တက်ရောက်

မြစ်ကြီးနား ဖေဖော်ဝါရီ ၄

ကချင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်၊ ဇွန်လက မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် မြစ်ကြီးနားမြို့ ရေဝင်ရောက်မှုနှင့်အတူ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုအတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ လဝမ်ကထောင်နှင့် ဟိုးလော်ကျေးရွာများ၌ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါကျေးရွာများ မြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင်ရေး ကျောက်စီကမ်းထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ ညနေ ၃ နာရီက ဒေသခံများနှင့်တွေ့ဆုံပြီး တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ကမ်းနားလမ်းနှင့်ရုံးကြီးလမ်းဆုံ ဧရာဝတီမြစ်ဆိပ်မှ မီးသတ်တပ်ဖွဲ့၏ အမြန်ရေယာဉ်များဖြင့် လုပ်ငန်းစီမံကိန်း တည်ဆောက်ရာနေရာသို့သွားရောက်ခဲ့ကြပါသည်။

အဆိုပါ လုပ်ငန်းစီမံကိန်းနေရာရှိ ကမ်းပါးပြိုကျခဲ့သည့်နေရာ၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒေသခံကျေးရွာသူ၊ ရွာသားများနှင့် တွေ့ဆုံရာ ပြည်နယ်ရေအရင်းအမြစ်နှင့် မြစ် ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်က ကမ်းပါးပြိုကာကွယ်ရေးအခြေထိန်း Geo Bag ချခြင်းနှင့်မြစ်ကမ်းပါးထိန်းသိမ်းရေးနှင့်ကျောက်စီမြေထိန်းနံရံ ပေ ၃၀၀၀ တည်ဆောက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဒေသခံများ၏ လုပ်ငန်းစီမံကိန်းအပေါ် သိလိုသည်များ မေးမြန်းဆွေးနွေးမှု၊ ကျေးရွာဖွံ့ဖြိုးတိုးတက်‌ရေး အတွက် လိုအပ်ချက်များတင်ပြမှု၊ နောင်အလားတူ ဖြစ်ရပ်မျိုးမဖြစ်ပေါ်စေရေး မြစ်လယ်ရှိသဲသောင်ပြင်များ ရှင်းလင်းဖယ်ရှားပေးရေးဆိုင်ရာ ကိစ္စရပ်များတင်ပြမှုအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါကျေးရွာများအတွက် ၂၀၂၄-‌ ၂၀၂၅ ပြည်နယ်အစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံ‌ငွေဖြင့် တည်ဆောက်လျက်ရှိသော ကျောက်စီကမ်း ထိန်းနံရံ အလျားအရှည်ပေ (၃၀၀၀) ကျောက်စီမြေထိန်းနံရံအတွက် အောက်ခြေဖောင်ဒေးရှင်းနှင့် Geo Bag တည်ဆောက်လျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

ထိုမှတစ်ဆင့် ဗလမင်းထင်တံတားအောက်ဘက် ဧရာဝတီမြစ်လယ်‌‌ရှိ စီတာပူကျွန်းသို့သွားရောက်ပြီး မြစ်ရေကြီးမှုမြင့်မှုမှ ကာကွယ်ရေးနှင့် မြစ်ကြောင်းဖြောင့်တန်းစွာစီးဆင်းနိုင်‌ရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားမည့် မြစ်ကြောင်းထိန်းသိမ်းရေး လုပ်ငန်း‌တစ်ခုဖြစ်သည့် ရေလယ်ကျွန်းသဲသောင်ခုံအား အကျယ်ပေ ၂၄၀ ၊ ရေစစ်အောက် (၂)မီတာအား (၅၁၈၈၂၃) ကုဗမီတာအထိ သဲသောင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်တစ်ဆက် တစ်စပ်တည်း မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ဗလမင်းထင်တံတားအထက် မြစ်ကမ်းပါးတစ်လျှောက် အလျား (၁၂၆၅)ပေရှိ ရေလျှံတားကျောက်စီမြေထိန်းနံရံနှင့်တမံတည်ဆောက်သွားမည့် အစီအစဉ်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်နိုင်ရေးမှာကြားခဲ့သည်။
ယင်းနောက် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စီတာပူကျွန်းသဲသောင်ခုံနှင့်ကပ်လျက် သဲသောင်ခုံအသစ် ဖြစ်ပေါ်လာမှုအခြေအနေများနှင့် အဆိုပါသဲသောင်ခုံပေါ်တွင် နှစ်စဉ်ဆောင်းရာသီတွင်သာလာရောက်ခိုနားလေ့ရှိပြီး ဆောင်းခိုငှက်မျိုးစိတ်တစ်ခုဖြစ်သည့် တောငန်းခေါင်းကြား (Bar-headed Goose) ကောင်ရေ ၄၀၀ ခန့် အုပ်စုလိုက် နားခိုနေထိုင်မှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့အပြင် မွန်းလွဲပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး ခါကာဘိုရာဇီခန်းမ၌ ပြည်နယ်ဝန်ကြီး ချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ဗန်းမော်အကျဉ်းထောင်ရှိ အကျဉ်းထောင်ဝန်ထမ်းများအား ဆန်ရိက္ခာနှင့်အခြေခံစားသောက်ကုန်များ ဝယ်ယူစားသောက်နိုင်ရေးပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်အကျဉ်းထောင်ရှိ ဝန်ထမ်းများနှင့် အကျဉ်းသား/ အကျဉ်းသူများအတွက် ယခုလိုကာလတွင် နေထိုင်စားသောက်မှုအဆင်ပြေစေရေး ဆန်ရိက္ခာနှင့် အခြေခံစားသောက်ကုန်များ ဝယ်ယူစားသောက်နိုင်ရေး ပေးအပ်သွားမည်ဖြစ်ပြီး နောင်တွင်လည်း ယခုလိုစဉ်ဆက်မပြတ် ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားပြီး ချီးမြှင့်ငွေကျပ်သိန်း ၁၀၀ ကိုပေးအပ်ရာ ပြည်နယ်အကျဉ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်စိုးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့ နံနက်(၉)နာရီကလည်း မြစ်ကြီးနားမြို့ အောင်နန်း ရပ်ကွက်အတွင်းရှိ အောင်နန်းဂျာမေ့ဗလီ၌ ကျင်းပပြုလုပ်သည့် အစ္စလာမ်ဘာသာရေးဆိုင်ရာ ယဉ်ကျေးလိမ္မာသင်တန်း သင်တန်းဆင်းပွဲနှင့် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသားတိုင်းအား နိုင်ငံတော်အစိုးရအနေဖြင့် မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာများကို လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ နိုင်ငံအတွင်းရှိလူသားအရင်း အမြစ်များဖြစ်သည့် မျိုးဆက်သစ်လူငယ်များကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် တိုင်းရင်းသားဘက်စုံ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများ၊ ယဉ်ကျေးလိမ္မာ သင်တန်းများဖွင့်လှစ်သင်ကြားစေပြီး နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် လေ့ကျင့်သင်ကြားပေးလျက်ရှိပါကြောင်း၊ ထို့အတူ အစ္စလာမ်ဘာသာဝင်လူငယ်လူရွယ်များကိုလည်း လမ်းမှားမရောက်ရှိရလေအောင် အစ္စလာမ်ဘာသာရေး၏ ဆုံးမလမ်းညွှန်မှုများဖြင့် ဆရာ၊ မိဘတို့က ဝိုင်းဝန်းထိန်းသိမ်းပြုစုပျိုးထောင်ပေးကြရေး တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ အောင်နန်းဗလီဂေါပကအဖွဲ့ ဥက္ကဋ္ဌ၊ ဟာဂျီဦးမောင်မောင်လေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို လည်းကောင်း၊ သင်တန်းမှူးက သင်တန်းဖွင့်လှစ်သင်ကြားပို့ချခြင်းနှင့်ပတ်သက်၍လည်းကောင်း အသီးသီးရှင်းလင်းတင်ပြပြီး ထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုရသင်တန်းသားများအား ဂုဏ်ပြုဆုများနှင့် သင်တန်းဆင်း လက်မှတ်များကိုလည်းကောင်း၊ သင်တန်းအတွက်ချီးမြှင့်ငွေကျပ် (၁၀)ကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြရာ ရှေ့ဆောင်ဆရာမောင်လာနာဦးထွန်းခင်က သင်တန်းဆင်းပွဲအား ဆုတောင်းမေတ္တာ ပို့သပေးခဲ့ကြောင်းသိရသည်။