တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ၊ ကော်မတီ (၃)ရပ် ဖွဲ့စည်းရေး လွှတ်တော်သို့တင်ပြ

မြစ်ကြီးနား မတ် ၃၁

          တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးဒုတိယနေ့ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြပြီး လွှတ်တော်ကော်မတီ(၃)ရပ်ကို ဖွဲ့စည်းရေး လွှတ်တော်သို့ တင်ပြခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံးက တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ကို ရယူကြသည်။

          ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော်နာယကထံ ပေးပို့လာသော ဝမ်းမြောက်ဂုဏ်ယူကြောင်းသဝဏ်လွှာအား ဖတ်ကြားတင်ပြပြီး ပြည်နယ်လွှတ်တော်က မှတ်တမ်းတင်ကြောင်းကြေညာကာ ဥပဒေကြမ်းကော်မတီဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

          ထို့နောက် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့၏ အမည်စာရင်းများကို လွှတ်တော်သို့တင်ပြပြီး အကြံပြုဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

          ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌက  တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်များ၏အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့၏ အမည်စာရင်းများကို လွှတ်တော်သို့တင်ပြပြီး အကြံပြုဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

          ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းများကိုတင်ပြပြီး အဆိုပါကော်မတီများအား အစည်းအဝေးတတိယနေ့တွင် အတည်ပြုရန် လျာထားကြောင်းနှင့် အကြုံပြုဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာကာ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးဒုတိယနေ့ကို ရပ်နားလိုက်ကြောင်း သိရသည်။