ကချင်ပြည်နယ်ဝန်ကြီးချုပ် ယဉ်ကျေးမှုပြတိုက် (မြစ်ကြီးနား) အတွင်း ဌာနေတိုင်းရင်းသားမျိုးနွယ်စုများ၏ ဒြပ်ရှိ/ ဒြပ်မဲ့ယဉ်ကျေးမှုများ ခေတ်မီစနစ်များဖြင့် ပိုမိုပေါ်လွင်အောင်ခင်းကျင်းပြသနိုင်ရေး ကွင်းဆင်းစစ်ဆေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် မိတ်ဆုံစားပွဲသို့ တက်ရောက်

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၁
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ဌာနေတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များစနစ်တကျ ထုတ်ဖော်ထိန်းသိမ်းပြသနိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုငွေလုံးငွေရင်း ဘဏ္ဍာရန်ပုံငွေဖြင့် အသစ်တည်ဆောက်ပြီးစီးခဲ့သည့် ယဉ်ကျေးမှုပြတိုက် (မြစ်ကြီးနား) တိုးချဲ့အဆောင်သစ်အတွင်း ပြသခင်းကျင်းဆောင်ရွက်လျက်ရှိသည့် အခင်းအကျင်း (Layout Plan) နှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရှေးဦးစွာ ကချင်ပြည်နယ်ယဉ်ကျေး မှုပြတိုက် တိုးချဲ့အဆောင်သစ် (၂)ထပ်ဆောင်အတွင်း မြေညီထပ်၌ ကချင်ပြည်နယ်၏ အထင်ကရနေရာများပါဝင်သည့် ပြည်နယ်မိတ်ဆက်ပြကွက်၊ Digital Museum ပြကွက်၊ ဒြပ်မဲ့ယဉ်ကျေးမှုပြခန်းနှင့် အစည်းအဝေးခန်းမ၌ (Mini Theatre & Function Hall)တို့ ပြကွင်း/ပြကွက်များ ပြသထားရှိမှု အခြေအနေများနှင့် ပထမထပ်တွင် ဌာနေတိုင်းရင်းသားများဖြစ်ကြသည့် ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုးတို့ မျိုးနွယ်စုအလိုက် ဝတ်စားဆင်ယင်မှုများ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများပေါ်လွင်သည့် ပန်းချီပြကွက်နှင့် ကချင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးစံများအရ ကျင်းပရသော ပွဲတော်များထဲမှ ခမ်းနားကြီးကျယ်သည့် မနောပွဲပြကွက်ကို ခေတ်မီစနစ်ဖြင့်ပြသနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြတိုက်မူလအဆောက်အဦအတွင်းသို့ သွားရောက်ပြီး ဌာနေတိုင်းရင်းသားများ၏ ဝတ်စားဆင်ယင်မှုများ၊ ရိုးရာအသုံးအဆောင်ပစ္စည်းများ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ၊ စာပေပြခန်း၊ စာကြည့်တိုက်တို့ဖြင့် ပြင်ဆင်ခင်းကျင်း ပြသထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တိုးချဲ့အဆောင်သစ်အတွင်း ခေတ်မီစနစ်များဖြင့် ရိုးရာယဉ်ကျေးမှုပြကွင်းပြကွက်များကို ပိုမိုပေါ်လွင်အောင်ပြသနိုင်ရေး၊ လိုအပ်သည့် အချက်အလက်များ၊ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းများနှင့် ပြကွက်အလိုက် ရှေးဟောင်းပစ္စည်းများကိုပါ စုံလင်စွာပြသနိုင်ရေး ပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်သွားရေးနှင့် ပထမထပ်ဖွင့်လှစ်ပြီးဖြစ်သဖြင့် ဒုတိယထပ်ပြကွက်များပြီးစီးပါက ဖွင့်ပွဲ ကျင်းပပြုလုပ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သော ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် မိတ်ဆုံစားပွဲသို့တက်ရောက် ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာများအနေဖြင့် ဌာနတွင်း လုပ်ငန်းများအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်နှင့် ဝန်ထမ်းများ၏ အခက်အခဲများကို သိရှိဖြေရှင်းပေးနိုင်ရန်အတွက် ယခုလိုစဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံခြင်းအားဖြင့် ပြည်နယ်အတွင်းဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ စီးပွားရေး ကဏ္ဍအသီးသီးတွင် ဘက်စုံထောင့်စစုံမှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် အချင်းချင်းချိတ်ဆက်ညှိနှိုင်းမှု ပိုမိုအားကောင်းလာနိုင်ပြီး ပိုမိုဖွံ့ဖြိုးတိုးတက်သည့်၊ တည်ငြိမ်အေးချမ်းသည့် ပြည်နယ်တစ်ခုအဖြစ် ရပ်တည်လာနိုင်မည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားပြီး မိတ်ဆုံစားပွဲအဖြစ် နေ့လည်စာကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရင်းနှီးနွေးထွေးစွာ အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။