ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုဒေသ စားရေရိက္ခာဖူလုံရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ပူတာအို ဖေဖော်ဝါရီ ၂၈
မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုဒေသအား စားရေရိက္ခာဖူလုံစေပြီး ဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်းက ပူတာအိုခရိုင်၊ ပူတာအိုမြို့သို့ လေကြောင်းခရီးဖြင့်သွားရောက်ခဲ့ကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပူတာအိုအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲဟိန်း၊ ခရိုင် / မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်အတွင်း မိုးစပါးစိုက်ဧကပေါင်း ၃၂၀ အား အကျိုးပြုစေသည့် လုံးစွတ်ချောင်းပေါ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တည်ဆောက်ပေးခဲ့သော နတ်ကန်တုံရေလွှဲဆည်သို့ သွားရောက်ခဲ့ကြပြီး ရေလွှဲဆည်တည်ဆောက်ရေးဆိုင်ရာအချက်အလက်များနှင့်စပ်လျဉ်း၍ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၏ ရှင်းလင်းတင်ပြမှုကို လိုအပ်သည်များဖြည့်စွက်ဆောင်ရွက်ပေးနိုင်ရေးနှင့် ရေလွှဲဆည်တည်ဆောက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် အဆိုပါရပ်ကွက်အတွင်းရှိ ကွင်းအမှတ် (၃၀)၊ လုံးစွတ်ကွင်း၌ တောင်သူ ဦးခင်တန်ခင်၏ လယ် ၁ ဒဿမ ၅ ဧက၌ ဆီမုန်ညှင်းစိုက်ပျိုးထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ လာမည့်စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ဆီမုန်ညှင်းစောလျှင်စွာ စိုက်ပျိုးနိုင်ရေးနှင့် လိုအပ်သည်များပံ့ပိုးကူညီဖြည့်ဆည်းပေးနိုင်‌ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက်ပိုင်ရှင်ဦးမကူနော်အောင်၏ခြံသို့ ဆက်လက်သွားရောက်ခဲ့ကြပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဒုတိယနှစ်စက်ဝန်းမှ ရင်းနှီးမတည်ငွေကျပ် ၁၀ သိန်း ပံ့ပိုးပေးမှုဖြင့် လုပ်ငန်းလည် ပတ်လျက်ရှိသည့် ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ငါးကန် (၂)ကန်အတွင်း ရွှေဝါငါးကြင်း၊ ငါးနီ၊ မြက်စား၊ ငါးဂလာစသည့် ငါးများ မွေးမြူထားရှိမှု၊ ဒေသတွင်းပြန်လည်ရောင်းချပေးနိုင်မှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြကာ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူနှင့်ဒေသတွင်းငါးမွေးမြူရေးလုပ်ငန်းများ တိုးတက်မြင့်မားရေးအတွက် ငါးသားဖောက်စခန်းများ ဆောင်ရွက်နိုင်ရေးနှင့် ဦးမကူနော်အောင်၏ ခြံဝင်းအတွင်း လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရေး ငါးကန်အသစ်များတူးဖော်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့နယ် ပူတောင်းကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် သန်း ၂၀ ရင်းနှီးမတည်ပေးဖြင့် တောင်သူ ဦးသောင်းထွန်းအပါအဝင် အစုအဖွဲ့ဖြင့် ဝက်မွေးမြူရေး လုပ်ငန်းဆောင်ရွက်လျက်ရှိရာ ဦးသောင်းထွန်း၏ ခြံ ဝင်းအတွင်း ဝက်များ မွေးမြူထားရှိမှု အခြေအနေများနှင့် တိုးပွားလာပြီး စီးပွားဖြစ် ပြန်လည်ရောင်းချနိုင်မှုအခြေအနေများ၊ ခြံဝင်းအတွင်း သီးပင်စားပင်များ စိုက်ပျိုးထားရှိမှုနှင့်ငါးကန်ငယ်တူးဖော် ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည့်ကြည့်ရှုစစ်ဆေးကာ နည်းစနစ်ကျမွေးမြူနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အခမဲ့ပေးအပ်သည့် မွေးမြူရေးအထောက် အကူပြုဆေးဝါးပစ္စည်းများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပူတောင်းဘုန်းတော်ကြီး၌ ကျေးရွာအတွင်းရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသဆန်ဖူလုံမှုရှိပြီ ဖြစ်သော်လည်း စားဆီဖူလုံရေးအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ရာတွင် သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားလာစေရေး ဆီထွက်သီးနှံစိုက်ဧက တိုးချဲ့ဆောင်ရွက်နိုင်ရေး ယနေ့ မိမိတို့ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် တောင်သူလိုအပ်ချက်ရှိသည့် ရင်းနှီးမတည်ငွေများကို ပံ့ပိုးပေးအပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးရွာအတွင်းလမ်းရရှိရေး၊ ပူတောင်းချောင်း ရေကာတန်း တည်ဆောက်ပေးနိုင်ရေးတို့ကိုတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီမုန်ညှင်းစိုက်ပျိုးနိုင်ရေးအတွက် ပူတောင်းကျေးရွာနှင့် မကပ်မုံကျေးရွာများမှ တောင်သူများအတွက် ရန်ပုံငွေကျပ် (၁၇၈၅၀၀၀၀) ကို တောင်သူများထံ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။