ပူတာအို မတ် ၅
မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် စားရေရိက္ခာဖူလုံရေးအတွက် သီးထပ်စိုက်စွမ်းအားတိုးတက်မြှင့်မားရေးနှင့် ဆီထွက်သီးနှံစိုက်ပျိုးမှု တိုးတက်မြင့်မားလာစေရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ် ၄ ရက်က အထက်ဆန်ဂေါင်- လုံနဒမ်း-ဇီးယာဒမ်းလမ်း (ရေခဲတောင်သွားလမ်း) ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ်သည်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့်သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပူတာအိုအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲဟိန်း၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့မှတစ်ဆင့် မြို့နယ်အတွင်းရှိ အောက်ဆန်ဂေါင်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာအတွင်းနိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းမှ ရင်းနှီးမတည်ငွေကျပ် (၃၅)သိန်း ပံ့ပိုးပေးမှုဖြင့် တောင်သူ ဦးခေါင်ခင်၏ လယ်(၅)ဧကအတွင်း ဆီမုန်ညှင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆည်ရေသောက်စနစ်များနှင့် ကျေးရွာဘောလုံးကွင်း ပြုပြင်ပေးနိုင်ရေးစသည့် လိုအပ်ချက်များ တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ လယ်သီးထပ်ဆီမုန်းညှင်းစိုက်ဧက တိုးချဲ့နိုင်ရေး၊ ခြံဝင်းကာရံပေးနိုင်ရေးတို့အတွက် ချီးမြှင့်ငွေများနှင့်ဟင်းသီးဟင်းရွက်မျိုးစေ့များကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး လယ်ကွင်းဘေးရှိ ဆန်ဂေါင်ချောင်းရေတိုက်စားမှုမှ ကာကွယ်နိုင်ရေး ကမ်းထိန်းနံရံတည်ဆောက်ပေးနိုင်ရေးနှင့် လယ်ကြားရေသွင်းမြောင်းများ ပြုပြင်ဆောင်ရွက်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြကာ ကျေးရွာဘောလုံးကွင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဘောလုံးကွင်း ပြုပြင်ပေးနိုင်ရေးအတွက် ရန်ပုံငွေအဖြစ် ငွေကျပ် ၁၅ သိန်းကို ပေးအပ်နိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့ (ကချင်ပြည် နယ်) က တာဝန်ယူ ဖောက်လုပ်လျက်ရှိသော လမ်းအရှည် (၂၆/၁)မိုင်(၄၂ ဒဿမ ၀၄၄) ကီလိုမီတာရှိ အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်း(ရေခဲတောင်သွားလမ်း)ဖောက်လုပ်နေမှုအခြေအနေအား အထက်ဆန်ဂေါင်မှတစ်ဆင့် တောင်တက်လမ်းအတိုင်း လမ်းတစ်လျှောက် လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး (၆/၄)မိုင် (အမြင့်ပေ (၄၄၇၈)ရှိ ရှိန်းလိန်းချက်တောင်ထိပ်)ရှိ လမ်းဆောက်လုပ်ရေးစီမံကိန်း လုပ်ငန်းခွင်စခန်းရုံး (View Point)သို့ ရောက်ရှိ အဆိုပါ တောင်ထိပ်မှတစ်ဆင့် ပူတာအိုဒေသ၏ တောတောင်သဘာဝအလှများကို ကြည့်ရှုခဲ့ကြသည်။
ထို့နောက် လုပ်ငန်းခွင်စခန်းရုံး ရှင်းလင်းဆောင်၌ ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးဦးက လမ်းလုပ်ငန်းစီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေရရှိမှုအခြေအနေများ၊ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အပိုင်းအလိုက် လမ်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှု အခြေ အနေများနှင့် ဘဏ္ဍာနှစ်အလိုက်လျာထားဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများကို ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများအမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် လမ်းစီမံကိန်းဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ စက်ယန္တရား ကြီးများဖြင့် မိုင်တိုင်အမှတ် (၈/၇) နှင့် မိုင်တိုင်အမှတ် (၉/၀)အကြား လမ်းချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ မိုင်တိုင်အမှတ် (၉/၀) နှင့် (၁၀/၁)အတွင်း ၁၈ ပေ အကျယ်မှ ၃၄ အကျယ်အထိ မြေသားလမ်းဖောက်လုပ်ပြီးစီးမှု လုပ်ငန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ လမ်းပိုင်းသည် ပူတာအိုဒေသ၏ နာမည်ကျော် ဖုန်ကန်ရာဇီနှင့် ဖုန်ရင်ရာဇီ ရေခဲတောင်များသို့ သွားလမ်းတစ်ခုဖြစ်သည့်အပြင် ကျေးရွာပေါင်း (၈)ရွာ၊ အိမ်ခြေ (၃၈၀)ကျော် တို့အား အကျိုးဖြစ်ထွန်းစေပြီး လမ်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ဒေသတွင်း သဘာဝ အခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် လုပ်ငန်းခွင်စခန်းရုံး ရှင်းလင်းဆောင်၌ အဆိုပါ ရေခဲတောင်သွားလမ်းပေါ်ရှိ ဝါလိုင်ဒမ်း၊ လုံနဒမ်း၊ ခါးလန်၊ ဇီးယာဒမ်း၊ အဝပ်ဒမ်းကျေးရွာများမှ ရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေးမှူး များ၊ ဒေသခံများနှင့်တွေ့ဆုံပြီး ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ၊ နိုင်ငံ့စီးပွားမတည်ငွေဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခဲ့ကြပြီး ဒေသခံများ၏ လိုအပ်ချက်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ် စက်ဝန်းဖြင့် ဒေသကြက်နှင့် ဝက် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် ကျေးရွာစီမံကိန်းများအတွက် မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာနက အခမဲ့ပေးအပ်သော မွေးမြူရေးအထောက်အကူပြုဆေးဝါးပစ္စည်းများနှင့် ကြက်လိမ်ရောဂါကာကွယ်ဆေးများကို ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပူတာအိုမြို့သို့ ပြန်လည်ရောက်ရှိပြီး ကောင်ကထောင်ရပ်ကွက် မတ်ပန်ကွင်းအတွင်း ကျင်းပပြုလုပ်သော နွေစပါးစမ်းသပ်စိုက်ပျိုးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသအား ၂၀၂၁-၂၀၂၂ ခုနှစ်မှ စတင်၍ ဒေသဝမ်းစာဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဒေသဝမ်းစာ ဆန် စပါးဖူလုံမှုသည် (၁၀၄ ဒဿမ ၆၀) ဖူလုံမှုရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသဝမ်းစာဖူလုံမှု ယခုထက် ပိုမိုတိုးတက်စေရေးနှင့် စားဆီဖူလုံမှုရှိစေရေးကိုလည်း ဒေသရာသီဥတုနှင့် ကိုက်ညီပြီး အကျိုးဖြစ်ထွန်းစေသည့် ဆီမုန်ညှင်းများကို ယာ၊ တောင်ယာအားလုံးတွင် စိုက်ပျိုးရမည်ဖြစ်သည့်အပြင် မိုးစပါးရိတ်သိမ်းပြီး လယ်များတွင်လယ်သီးထပ်အဖြစ် တိုးချဲ့စိုက်ပျိုးလာမည်ဆိုပါက စားဆီလည်းဖူလုံလာမည်ဖြစ်သည့်အတွက် အားလုံးကဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့် မျိုးကောင်းမျိုးသန့်များ အခမဲ့ဖြန့်ဝေနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသည့် ဒေသခံတောင်သူများအတွက် ရွက်ဖျန်းမြေသြဇာအိတ်များ၊ ဟင်းသီးဟင်းရွက်မျိုးစေ့အိတ်များနှင့် အစေ့ထုတ်ပြောင်း မျိုးစေ့အိတ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး လယ်ကွင်းအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါး(ချမ်းမြေ့မေ)မျိုးစေ့များအား အစေ့ချစက်များဖြင့် ကွင်းသရုပ်ပြ စိုက်ပျိုးဆောင်ရွက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ တောင်သူများနှင့် တွေ့ဆုံပြီး ဆီမုန်ညှင်းစိုက်ပျိုးနိုင်ရေး လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှု ကို ကြည့်ရှုအားပေးခဲ့ကြကာ တက်ရောက်လာသူများနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြကြောင်း သိရသည်။







