မြစ်ကြီးနား မတ် ၁၂
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့အား သန့်ရှင်းသာယာလှပပြီး သစ်ပင်ပန်းမံများဖြင့် စိမ်းလန်းစိုပြည်နေစေရေး ဘဏ္ဍာငွေများခွဲဝေချထားပြီး မြို့ပြဖွံ့ ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် ယနေ့ နံနက် (၆)နာရီခွဲက မြစ်ကြီးနားမြို့ အဓိကလမ်းမကြီးများပေါ်တွင် သန့်ရှင်းသာယာလှရေးနှင့် ရာသီပေါ်ပန်းများဖြင့် ဖူးပွင့်ဝေဆာနေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်စည်ပင်သာယာ ရေးအဖွဲ့ ညွှန်ကြားရေးမှူး၊ မြို့နယ်အမှုဆောင်အရာရှိ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရှေးဦးစွာ မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းမကြီး (ပြည်ထောင်စု)လမ်းမ တစ်လျှောက်တပ်ကုန်းရပ်ကွက်အတွင်းရှိ လမ်းလယ်ကျွန်းများတွင် စည်ပင် သာယာရေးအဖွဲ့စိမ်းလမ်း လုပ်သားများက မြေယာပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လမ်းမတစ်လျှောက် စက္ကူပန်း ပင်၊ နွယ်သာဂီပန်းပင်များဖြင့် ဖူးပွင့်ဝေဆာလှပနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုလမ်းမကြီးနှင့် သခင်နက်ဖေလမ်းဆုံနေရာအထိ လမ်းလယ်ကျွန်းများတွင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် သပြေဘူတပန်းပင်များ ဖူးပွင့်နေမှု အခြေအနေများကို လည်းကောင်း၊ ထိုမှတစ်ဆင့် သခင်နက်ဖေလမ်းအတိုင်း ဘူတာရုံရှေ့၌ လမ်းဘေးဝဲ/ယာတွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် စိုက်ပျိုးထားသည့် သပြေဘူတပင်များ ဖူးပွင့်ဝေဆာနေမှုကိုလည်းကောင်း၊ အနော်ရထာလမ်းနှင့် စည်ပင်သာယာလမ်းဆုံနေရာတွင် လမ်းဘေး ဝဲ/ယာရှိ စိုက်ပျိုးထားသော ပန်းပွင်သည့် အရိပ်ရအပင်ကြီးမျိုး အာဖရိကကျူးလစ်ပင်များ စိုက်ပျိုးရှင်သန်ကြီးထွားမှုအခြေအနေများကို လည်းကောင်း၊ ထို့နောက် စိမ်းမြဧရာပန်းခြံနှင့် ကလေးကစားကွင်းအတွင်း စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ပန်းခြံရှေ့မှ တစ်ဆင့် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်အများ ပြည်သူယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် လမ်းလယ်ကျွန်းအသစ်တည်ဆောက်ပြီး စက္ကူပန်းပင်များ၊ နွယ်သာဂီနှင့်ခရာဝါပန်းပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က မြို့ပြစိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည်ဖြစ်သကဲ့သို့ အမှိုက်ကင်းစင်ရေးကိုလည်း အများပြည်သူပူးပေါင်းပါဝင်မှုဖြင့် ရပ်ကွက်အလိုက် အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ကြရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ မွန်းလွဲ (၂)နာရီကလည်း ဒေသတွင်းစားဆီ ဖူလုံရေးအတွက် သီးထပ်စိုက်စွမ်းအားတိုးတက်မြင့်မားလာစေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးဝင်းအတွင်း၌ မြစ်ကြီးနားခရိုင်အတွင်းရှိ ဆောင်းဆီထွက်သီးနှံစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံပြီး MPE ထုတ်ယူရီယားဓာတ် မြေသြဇာများ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်း အခမ်းအနားသို့ တက်ရောက်သည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အတွင်းရှိ စိုက်ပျိုးသီးနှံများအတွက် နှစ်စဉ် ယူရီယားတန်ချိန် (၂)သောင်းကျော်ခန့်သုံးစွဲနေရပြီး သီးနှံများပိုမိုစိုက်ပျိုးထုတ်လုပ်လာသည်နှင့်အမျှ ဓာတ်မြေသြဇာလိုအပ်ချက် မြင့်မားလာပါကြောင်း၊ ထို့အတူ တိုးတက်လာသည့် လူဦးရေနှင့်စားသုံးမှုဖူလုံစေရန် မဖြစ်မနေကြိုးစားကြရမည်ဖြစ်သော်လည်း အခက်အခဲများကြောင့် မြေသြဇာဈေးနှုန်းမြင့်တက်လာမှုအပေါ် တောင်သူများ မြေသြဇာသုံးစွဲမှုလျော့နည်းလာပါက သီးနှံ များ၏ အထွက်နှုန်းနှင့်အရည်အသွေးလျော့ကျလာမည်ဖြစ်သည့်အတွက် ယူရီးယားမြေသြဇာဝယ်ယူ ဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တောင်သူများဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် သုံးစွဲနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ရပါကြောင်း၊ ယနေ့ တောင်သူများအား မြေသြဇာကို ဈေးနှုန်းသက်သာစွာဖြင့် သုံးစွဲနိုင်ရေး ရန်ကုန်အထိုင်ဈေးနှုန်းဖြစ်သည့် လက်ရှိဈေးနှုန်း တစ်အိတ်လျှင် (၉၅၀၀၀)ကျပ်ကို ပြည်နယ်အတွင်း ပိုမိုသက်သာစွာ သုံးစွဲနိုင် ရေး (၇၀၀၀၀)ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်အတွက် တောင်သူများအားလုံးကလည်း မိမိတို့၏ ရည်မှန်း ချက်ပန်းတိုင်ဖြစ်သည့် ဆီထွက်သီးနှံ သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားရေးကို ဝိုင်းဝန်းကြိုးစားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးသိန်းစိုးက ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ဓာတ်မြေသြဇာလိုအပ်ချက်ပေါ် ဖြည့်တင်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ဖြန်းဖြူးရောင်းချနိုင်ရေး စီမံဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ခရိုင်အတွင်းရှိ တောင်သူများကိုယ်စား တောင်သူဦးချစ်ဆွေက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် တောင်သူများနှင့်အတူ မိုးစပါးရိတ်သိမ်းပြီး လယ်များနှင့် တောင်ယာ၊ ဥယျာဉ်ခြံများတွင် သီးထပ်၊ သီးညှပ်အဖြစ် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများ၏ လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက မြစ်ကြီးနားခရိုင်အတွင်းရှိ တောင်သူများအတွက် သက်သာသော ဈေးနှုန်းဖြင့် MPE ထုတ်ယူရီယားမြေသြဇာအိတ်များ ဖြန့်ဖြူးရောင်းချပေးနေမှုများကို လည်းကောင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနဝင်းအတွင်း ၂၀၂၅ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးမည့် တောင်သူများအား အခမဲ့ဖြန့်ဝေပေးအပ်သွားမည့် ကော်ဖီပင်ပျိုးခင်းများ ပျိုးထောင်စိုက်ပျိုးထားရှိမှုအခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပလန(၂) ကံ့ကော်မြိုင်ကျေးရွာအတွင်းရှိ ကွင်းအမှတ် (၄၅) ကံ့ကော်မြိုင်ကွင်း၌ လည်းကောင်း၊ နောင်နန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၃၁) ယိန်းခေါကွင်း၌လည်းကောင်း သွားရောက်ခဲ့ကြပြီး အဆိုပါ ကွင်းများအတွင်းရှိ မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်ကျန်လယ်များအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ပဲပုတ်မျိုးစေ့များ ပံ့ပိုးကူညီမှု၊ စိုက်ပျိုးရေရရှိရေး ဆိုလာစက်ရေတွင်းများ တူးဖော်ဆောင်ရွက်ပေးထားမှုအခြေအနေများနှင့် လယ်များအတွင်း ဆောင်းဆီထွက်သီးနှံပဲပုတ်ပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးချိန်နောက်ကျမှုကြောင့် အပင်ရှင်သန်ကြီးထွားမှုနှုန်းနှင့်အသီးသိးနှုန်း လျော့နည်းမှုမရှိစေရေး စိုက်ပျိုးနည်းပညာနှင့် ရွက်ဖျန်းမြေသြဇာများ အချိန်ကိုက်ကူညီပေးနိုင်ရေး ဒေသခံတောင်သူများနှင့် ဌာနဆိုင်ရာများအကြားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး သီးထပ်စိုက်ဧက တစ်နှစ်ထက်တစ်နှစ် တိုးချဲ့ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လမြန်ကျေးရွာအတွင်း ဧရာဝတီမြစ်ဆိပ်၌ သဲကျောက်လုပ်ကွက်များ ချထားပေးမှုအပေါ် သဲကျော်ထုတ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြစ်ကြောင်းဧရိယာအတွင်း သတ်မှတ်ထားသော လုပ်ကွက်များအတွင်း တူးဖော်ထုတ်ယူနိုင်ရေးနှင့် တရားမဝင်ကျူးကျော်တူးဖော်ထုတ်လုပ်ခြင်များမရှိစေရေး၊ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ မြစ်ကြောင်းတစ်လျှောက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အနေဖြင့် မိုးစပါးစိုက်ဧက (၄)သိန်းကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိကာ ဆန်ဖူလုံမှုရာခိုင်နှုန်းအနေဖြင့် (၁၀၈ ဒဿမ ၆၁) ရာခိုင်နှုန်းရှိကြောင်းသိရပြီး ဆောင်းသီးထပ်သီးနှံအဖြစ် ပြောင်း၊ နှမ်း၊ မြေပဲ၊ ပဲပုတ်၊ မြေထောက်ပဲ စသည့် သီးနှံစိုက်ဧက (၂)သိန်းကျော်နှင့် နှစ်ရှည်သီးနှံများဖြစ်သည့် ရာဘာ၊ ကော်ဖီ၊ လက်ဖက်၊ ငှက်ပျောစသည့်သီးနှံစိုက်ဧက (၁)သိန်းကျော်ခန့် စိုက်ပျိုးထားရှိရာ နှစ်စဉ်ယူရီးယား တန်ချိန် (၂၀၁၁၅)တန်၊ တီစူပါ (၁၀၀၅၇)တန်၊ ပိုတက်ရှ် (၅၀၂၈) တန် ခန့် သုံးစွဲလျက်ရှိကြောင်းသိရသည်။












