မြစ်ကြီးနား မတ် ၁၇
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝှမ်းရှိ စာစစ်ဌာနများတွင် မတ် ၁၇ ရက်မှ စတင်၍ မတ် ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကချင်ပြည်နယ်အတွင်းရှိ စာစစ်ဌာနများတွင်လည်း ကျောင်းသား/ ကျောင်းသူများက ယနေ့ နံနက်ပိုင်းတွင် မြန်မာဘာသာရပ်ကို စတင်ဖြေဆိုနေပြီဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ စာစစ်ဌာနများ၌ အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဝင်များနှင့်အတူ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်အတွင်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနရှိ စာသင်ဆောင်များအတွင်း ကျောင်းသားဦးရေ (၂၀၀)ကျော်နှင့် ကျောင်းသူဦးရေ (၅၀၀) ဦးကျော်တို့ဖြင့် စုစုပေါင်းကျောင်သား/ကျောင်သူဦးရေ (၈၀၀) ကျော်တို့ အေးချမ်းတည်ငြိမ်စွာဖြင့် မြန်မာဘာသာရပ်ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ပမ္မတီး ရပ်ကွက်အတွင်းရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး အဆိုပါကျောင်း စာစစ်ဌာန၌ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊လုံခြုံရေးအဖွဲ့ဝင်များက စနစ်တကျစုဖွဲ့ကူညီပေးမှုဖြင့် ကျောင်းစာသင်ဆောင်များတွင် အေးချမ်းစွာဖြေဆိုလျက်ရှိသော ကျောင်းသားဦးရေ (၂၀၀)ကျော်၊ ကျောင်းသူဦးရေ (၃၀၀)ကျော်တို့ဖြင့် စုစုပေါင်း ကျောင်းသား/ကျောင်းသူ ဦးရေ (၅၀၀) ကျော် ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ မြန်မာဘာသာရပ်ကို ကောင်းမွန်စွာဖြေဆိုခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ပြည်နယ်မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်း၊ နာယကအဖွဲ့ဝင် ဦးဆောင်၍ မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များက နှုတ်ဆက်အားပေး၍ အာဟာရဖြစ်မုန့်နှင့် ဖျော်ရေဘူးများကို လိုက်လံဝေငှကျွေးမွေးမှုအား ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ်ပေါင်း (၁၂)မြို့နယ်တွင် စာစစ်ဌာနပေါင်း (၂၂) ခု ဖွင့်လှစ်၍ စာရင်းရှိကျောင်းသား/ ကျောင်းသူ (၉၉၇၃)ဦး ရှိသည့်အနက် ယနေ့ မြန်မာဘာသာရပ်တွင် စာစစ်ဌာနအသီးသီး၌ ဝင်ရောက်ဖြေဆိုသူဦးရေ (၈၆၉၉) ဦးရှိပြီး စာစစ်ဌာနများတွင် လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးအဖွဲ့ဝင်များနှင့် စာမေးပွဲကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်ကူညီဆောင်ရွက်ပေးမှုဖြင့် အေးချမ်းတည်ငြိမ်စွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် (၇)နာရီခွဲက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ အားကစားနည်း (၂၀)နည်းတွင် သင်တန်းသားဦးရေ (၃၀၀၀) နီးပါးတက်ရောက်ကြသည့် ၂၀၂၅ ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြသည်။
သင်တန်းများဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နွေရာသီကျောင်းပိတ်ရက်ရှည် ကာလအတွင်း လူငယ်များ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး၊ အသိပညာဗဟုသုတများ၊ နိုင်ငံနှင့်လူမျိုးကို ချစ်သည့်စိတ်များ တိုးပွားလာစေရေးအတွက် ယနေ့ နွေရာသီအခြေခံအားကစား သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းများကို လူငယ်များကိုယ်တိုင် စိတ်ပါဝင်စားစွာဖြင့် သင်တန်းအသီးသီး၌ သင်တန်းသား (၃၀၀၀)နီးပါး တက်ရောက်သင်ကြားနေကြသည့် အတွက် ပိုမိုတောက်ပသော အနာဂတ်ကြယ်ပွင့်များ ဖြစ်လာမည်ဖြစ်ပါကြောင်း၊ ထို့အပြင် သင်တန်းသား/သင်တန်းသူများထဲမှ နောင်တစ်ချိန်တွင် ပြည်နယ်၏ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးနိုင်မည့် အားကစားလူရည်ချွန်များ၊ အနာဂတ်ပုခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် စွမ်းရည်ပြည့်ဝသော လူတော်လူမော်များဖြစ်အောင် အားလုံးကဝိုင်းဝန်းပြုစုပျိုးထောင်ပေးကြရန် လိုအပ်ပါကြောင်းတိုက်တွန်းမှာကြားသည်။
ထို့နောက် နွေရာသီအခြေခံအားကစားသင်တန်းများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီးပွား ရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အားကစားနည်းအလိုက် သင်တန်းနည်းပြများ၊ သင်တန်းသားများအတွက် အားကစားဝတ်စုံများနှင့် သင်တန်းအထောက်အကူပြုပစ္စည်းများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခြေခံအားကစားသင်တန်းဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ဘောလုံး၊ ကရာတေး၊ Fitness Dance ၊ ဘောလီဘော၊ လက်ဝှေ့၊ မြန်မာ့သိုင်း စသည့်အားကစားနည်းများက အားကစားနည်းအလိုက် လေ့ကျင့်သရုပ်ပြသခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်း ပြည်နယ်အစီအစဉ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ ရုံးမြေနေရာနှင့် ကျေးရွာကွက်သစ်လျာထားမြေနေရာသို့ သွားရောက်ခဲ့ကြသည်။
အဆိုပါ မြေဧရိယာအတွင်း မြေဧက ၅၀၀ ၌ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းနှင့် ဌာန အဖွဲ့အစည်းများ၏ ရုံးမြေနေရာ သတ်မှတ်လျာထားမှု၊ ကွင်းအမှတ် (၂၈၂)ရှိ မြေဧရိယာ (၃၄)ဧကအတွင်း ကျေးရွာကွက်သစ်အတွက် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ၍ မြေယာပြုပြင်ဆောင်ရွက်လျက်ရှိသည့်အပေါ် အကွက်ချပုံစံသတ်မှတ်လျာထားမှု အခြေအနေများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာကွက်သစ်မြေနေရာအား ရေဆင်းစနစ်များကောင်းမွန်အောင် စနစ်တကျဖော်ထုတ်၍ မြေကွက်များအား မြေအနေအထားပေါ် မူတည်၍ လျာထားသတ်မှတ်နိုင်ရေး၊ လမ်းများစနစ်တကျ ဖောက်လုပ်သွားနိုင်ရေးမှာကြားခဲ့ပြီး အဆိုပါမြေဧရိယာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုနောက် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအတွက် သတ်မှတ်လျာထားပေးသည့် မြေနေရာနှင့် အဆိုပါ ဧရိယာအတွင်း အဓိကလမ်းမများနှင့် ကြားလမ်းများဖောက်လုပ်ပေးနေမှုအပေါ် အရိပ်ရအပင်ကြီးမြန်သည့် မန်ဂျန်ရှားအပင်များ စနစ်တကျစိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။












