ကချင်ပြည်နယ်ဝန်ကြီးချုပ် နှစ် (၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေဘို-မြစ်ကြီးနားလမ်း အဆင့်မြှင့်(AC)ကတ္တရာလမ်းသစ်နှင့် မော်ဖောင်းကျေးရွာ နယ်မြေ (၆)ကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်များဖွင့်လှစ်၊ တပ်မတော်နေ့အတွက် အလှူငွေများ ပေးအပ်လှူဒါန်း၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းကြည့်ရှုစစ်ဆေး၊ ဧရာဝတီမြစ်ရေကြောင်းရှင်းလင်းရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုနှင့် သားငါးစားသုံးမှုဖူလုံရေးအတွက် စီမံချက်ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား မတ် ၂၁

နှစ် (၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေဘို-မြစ်ကြီးနားလမ်း အဆင့်မြှင့်(AC) ကတ္တရာကွန်ကရစ်လမ်းသစ်နှင့် မော်ဖောင်းကျေးရွာ၊ နယ်မြေ(၆) ကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲများကို ယနေ့ နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့ရှိ အဆိုပါလမ်းများ၌ ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ၂၀၂၄–၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် (၆၈၈ ဒဿမ ၇၈၃)သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်လမ်းဦးစီးဌာနက တာဝန်ရှိယူဆောင်ရွက်ပြီးစီးခဲ့သည့် ရွှေဘို-မြစ်ကြီးနားလမ်း အဆင့်မြှင့်(AC)ကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မြစ်ကြီးနားမြို့ အထွက် အဆိုပါလမ်းသစ်ပေါ်တွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ နှစ် (၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် အဆင့်မြှင့် (AC) ကတ္တရာလမ်းသည် မြစ်ကြီးနားမြို့သို့ မော်တော်ယာဉ်များဝင်ရောက်သွားလာရာတွင် ယာဉ်ကြောကြပ်တည်းမှုမရှိစေဘဲ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေး မြို့ဝင်ပေါက်လမ်းကို အဓိကဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် တိုင်းရင်းသားညီအကိုမောင်နှမများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဆက်လက်ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မိုးက ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်သွားမည့် လမ်း လုပ်ငန်းစီမံကိန်းများနှင့် ယနေ့ ဖွင့်လှစ်မည့် လမ်းဆိုင်ရာအချက်အလက်များကိုလည်းကောင်း၊ ဒေသခံဦးယော်ကိက မြို့အဝင်လမ်း အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်သည့်အတွက် ကျေးဇူးတင်စကားကို လည်းကောင်း အသီးသီးပြောကြားကြသည်။

ဆက်လက်၍ လမ်းသစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းဖွင့်ပွဲအခမ်းအနားတက်ရောက်လာကြသည့် တိုင်းရင်းသားအဖွဲ့များ၊ ဒေသခံများနှင့် အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးကြပြီး လမ်းသစ်အား ဘင်ခရာ၊ ပန်းပွား အဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အလားတူ နှစ် (၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၅၃၈ ဒဿမ ၈၆ သန်းဖြင့် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ပြီးစီးခဲ့သည့် မော်ဖောင်းကျေးရွာအုပ်စု၊ မော်ဖောင်းကျေးရွာ၊ နယ်မြေ (၆)ကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားသို့ ဆက်လက်တက်ရောက်ခဲ့ကြရာ ဒေသခံတိုင်းရင်းသားပြည်သူများက ရိုးရာအကအလှများဖြင့် ကြိုဆိုကြသည်။

အဆိုပါ ကျေးရွာအဝင်လမ်းသစ်ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ပြည်ထောင်စုဘဏ္ဍာနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် ကျေးရွာများအတွင်း ရာသီမရွေးသွားလာနိုင်သော လမ်းများအဖြစ် အကျိုးရှိစွာ အသုံးပြုနိုင်ရေးလမ်းများကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မြို့ပြနှင့်ကျေးလက်လူနေမှုဘဝကွာခြားမှုကို လျှော့ချပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အစဉ်ရှေးရှုကာ အမြဲအကျိုးပြုဆောင်ရွက်နိုင်ရေး အားလုံးကအတူတကွဝိုင်းဝန်းကြိုးပမ်းကြရန် လိုကြောင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမင်းဆွေက ကျေးရွာအဝင်လမ်းဆိုင်ရာအချက်များကိုလည်းကောင်း၊ ကျေးရွာရပ်မိရပ်ဖတစ်ဦးက လမ်းသစ်ရရှိသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ကြောင်းကိုလည်းကောင်း၊ ဘာသာရေးဆရာတစ်ဦးက လမ်းသစ်ဖွင့်ပွဲအတွက် ကောင်းချီးတောင်းခံခြင်းတို့ကို လည်းကောင်း၊ လမ်းသစ်ရရှိသည့်အတွက် ကျေးရွာနေပြည်သူများက ကချင်ရိုးရာမဂွန်းလစ်(ကောက်ညှင်းပလိုင်း)တို့ဖြင့် ဂါဝရပြုပေးအပ်ခြင်းကိုလည်းကောင်း ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် လမ်းသစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူ အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြကာ လမ်းသစ်အား ဘင်ခရာ၊ ပန်းပွားအဖွဲ့များနှင့်အတူ ဖြတ်သန်း ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဒေသခံတိုင်းရင်းသားများက ရိုးရာအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။

ထို့နောက် နှစ် (၈၀)ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ ကျင်းပပြုလုပ်သည့် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က လာမည့် ၂၇ ရက်နေ့တွင် ကျရောက်မည့် တပ်မတော်နေ့သည် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းနှင့်အတူ နိုင်ငံတော်၏ လိုအပ်ချက်၊ ပြည်သူများ၏ ကြိုးပမ်းချက်များနှင့် ယှဉ်တွဲပေါ်ပေါက်လာခဲ့သည့် နှစ် (၈၀)ပြည့် တပ်မတော်နေ့ပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ ၍ နှစ်(၈၀)ပြည့် တပ်မတော်နေ့ ဦးတည်ချက်များနှင့်အပေါ် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်သူများအားလုံးက ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်း‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂုဏ်ပြုပြောကြားသည်။

ဆက်လက်၍ အလှူငွေများကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ်သိန်း ၅၀၀ ကို တိုင်းမှူးထံ ပေးအပ်ရာ တိုင်းမှူးက ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပြီး အလှူရှင်များ၏ လှူဒါန်းမှုကို ဒုတိယတိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပြန်လည်ပေးအပ်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းသို့ သွားရောက်ပြီး စခန်းအတွင်းရှိ မြေအသုံးချ Organic Green House ခြံများအတွင်း သီးပင်စားပင်များ ပြုစုပျိုးထောင်စိုက်ပျိုးထားရှိမှုကိုလည်းကောင်း၊ အသားစားကြက်မွေးမြူရေးခြံအတွင်း အသားစားကြက်များ မွေးမြူထားရှိမှုကို လည်းကောင်း၊ ငါးမွေးမြူရေးခြံ၌ ငါးကန်များအတွင်း ငါးခူများမွေးမြူထားရှိမှုကိုလည်းကောင်း၊ ဥစားကြက်ခြံ၌ ကြက်ကောင်ရေ ၁၅၀၀ မွေးမြူထားရှိမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မော်ဖောင်းကျေးရွာအတွင်း တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့ (၁)၊ အထူးအဖွဲ့(၁)မှ ကျေးရွာ အုပ်စုအတွင်းရှိ မော်ဖောင်းကျေးရွာနှင့် ငအိုးကျေးရွာချင်းလမ်းပေါ်ရှိ တောင်သူများလယ်ယာပစ္စည်းများ ထွက်ကုန်များ လွယ်ကူလျင်မြန်စွာ ချောမွေ့စွာသယ်ယူသွားလာနိုင်ရေးအတွက် နန်းကွေ့ချောင်းပေါ်တွင် ယခင်ကြိုးတံတားဟောင်းဘေး၌ ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့်တည်ဆောက်ပေးလျက်ရှိသည့် မော်ဖောင်းငအိုးတံတား အရှည်ပေ (၃၀၀)ရှိ သံကူကွန် ကရစ်ရေလည်တိုင်နှင့် သံကူကွန်ကရစ်ကမ်းကပ်ခုံ၊ RCC စလပ် အမျိုးအစား တံတားတည်ဆောက် ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သတ်မှတ်ရက်အတွင်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ပြီးစီးရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး အဆိုပါကျောင်း၌ စာစစ်ဌာနဖွင့်လှစ်၍ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကို အေးချမ်းစွာဖြေဆိုနေကြသော ကျောင်းသား/ ကျောင်းသူများအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး စာမေးပွဲဖြေဆိုပြီး၍ ပြန်လည်ထွက်ခွာလာကြသော ကျောင်းသား/ ကျောင်းသူများအား အဟာရဖြည့် မုန့်နှင့် အချိုရည်ဘူးများကို ဝေငှကျွေးမွေးခဲ့ကြ သည်။

ထို့အတူ ယနေ့ နံနက် (၇)နာရီကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်သစ်တောဦးစီးဌာနက ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ အခမ်းအနားကို နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး အစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပခြင်းမဟုတ်ဘဲ နိုင်ငံသူ/နိုင်ငံသားများအားလုံးက သစ်တောများ၏ စားရေရိက္ခာဖူလုံစေခြင်း၊ ဂေဟစနစ်ဝန်ဆောင်မှုများ ပံ့ပိုးနိုင်ခြင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေခြင်းတို့အတွက် အရေးပါပုံကို သိမြင်နားလည်လက်ခံပြီး စိတ်အားထက်သန်စွာပူးပေါင်းပါဝင်လာရန် ကျင်းပခြင်းဖြစ်ပါကြောင်းပြောကြားပြီး အခမ်းအနားတက်ရောက်လာသူများနှင့်အတူ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် ဗီဒီယိုကလစ်ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့အပြင် ယမန်နေ့ မွန်းလွဲ ၂ နာရီကလည်း ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်း သီတာအေးနှစ်ခြင်းဘုရားကျောင်း၌ ဖွင့်လှစ်ထားသော ယာယီခိုလှုံရာစခန်းမှတစ်ဆင့် ကိုယ်ပိုင်အစီအစဉ်ဖြင့် ပလနကျေးရွာ၌ ဝယ်ယူထားသည့် နေရာများသို့ ပြောင်းရွှေ့နေထိုင်ကြမည့် အိမ်ထောင်စုများအား ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံအားပေးစကားပြောကြားခဲ့ကာ ရွှေ့ပြောင်းနေထိုင်ကြမည့် ကျေးရွာအတွင်း အိမ်ထောင်စုများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အိမ်ထောင်စု (၁၄)စုတို့အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ဆန် (၂၄)ပြည်ပါ ဆန်အိတ် (၁၄)အိတ်၊ ပြည်နယ်အစိုးရအဖွဲ့က ဆီ (၁၄) ပိဿာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်နယ်ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ထောင်စုများအတွက် ဆန်ရိက္ခာ (၁)လစာအဖြစ် ငွေကျပ် ၆၃၀၀၀၀ ၊ ပြောင်းရွေ့စရိတ်အဖြစ်ငွေကျပ် ၁၄၀၀၀၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးပါ Kit Box တစ်ပုံးစီနှင့် နေအိမ်များတွင် မီတာတပ်ဆင်နိုင်ရန် ငွေကျပ်သိန်း ၂၀ တို့ကို အသီးသီးပေးအပ်ခဲ့ကြသည်။

ထို့အတူ ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကြိုတင်ကာကွယ်နိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဧရာဝတီမြစ်ရေကြောင်းရှင်း လင်းရေးဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ စည်းကမ်းသတ်မှတ်ချက်များ(SOP) ရေးဆွဲချမှတ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ဗလမင်းထင်တံတားအောက် သောင်တူးခြင်းလုပ်ငန်းကို မြစ်သဲကျောက်လုပ်ငန်းရှင်များ ဖိတ်ခေါ်၍ တူးဖော်ခွင့်ပြုနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီရွေးချယ်ပြီး စည်းကမ်းသတ်မှတ်ချက် (SOP) မူကြမ်းရေးဆွဲတင်ပြနိုင်ရေး ဝိုင်းဝန်းဆွေးနွေးအကြံပြုရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေးက သဲသောင်တူးဖော်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များဖိတ်ခေါ်ရွေးချယ်နိုင်ရေး၊ စည်းကမ်းသတ်မှတ်ချက်များတွင်ပါဝင်ရမည့် အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်က လုပ်ငန်းစီမံကိန်းနှင့်စပ်လျဉ်း ၍ ဦးစီးဌာန(ရုံးချုပ်)မှ သတ်မှတ်ညွှန်ကြားချက်များကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများက ဗလမင်းထင်တံတားအောက် ဘက်ရှိသဲသောင်ခုံအား ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် အလျား ၆၀၀၀ ပေ၊ အကျယ် ၇၅ ပေ၊ အနက် ရေစစ်မျဉ်းအောက် ၂ မီတာ တူးဖော်ခွင့်ရရှိခဲ့သည့်အပေါ် မူလလျာထားသည့် အလျား ၆၀၀၀ ပေ၊ အကျယ် ၂၄၀ ပေ၊ အနက် ရေစစ်မျဉ်းအောက် ၂ မီတာအထိ ဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်က ဆောင်ရွက်မည့်ကုမ္ပဏီ/လုပ်ငန်းရှင်များအား စနစ်တကျ စိစစ်ရွေးချယ်၍ စည်းကမ်းသတ်မှတ်ချက်များ ချမှတ်ရေးဆွဲဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ မွေးမြူရေးကဏ္ဍ တိုးချဲ့ဆောင်ရွက်မည့် အစီအမံနှင့် တိရစ္ဆာန်အစာလိုအပ်ချက်များကို တွက်ချက်၍ စီမံချက်ရေးဆွဲ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးနှင့် သားငါးစားသုံးမှုဖူလုံစေရေး တစ်ပိုင်တစ်နိုင်/ တစ်အုပ်တစ်မ မွေးမြူရေးလုပ်ငန်းမှ အစပြု၍ မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်အောင် ပံ့ပိုးကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် စိုက်ပျိုးထုတ်လုပ်မှုနှင့် မွေးမြူရေးလုပ်ငန်းကို ဒေသတွင်းရှိ လူတစ်ဦးချင်းစီ၏ စားသုံးမှုကို တွက်ချက်ဆောင်ရွက် ထားရှိရန်လိုအပ်သည့်အပြင် တိရစ္ဆာန်အစာလိုအပ်ချက်၊ သွင်းအားစုလိုအပ်ချက်များအပေါ် စနစ်တကျ စိစစ်တွက်ချက်၍ စီမံကိန်းရေးဆွဲ‌ကြရန်လိုအပ်မည်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကချင်ပြည်နယ်အတွင်း အသားငါးစားသုံးမှုနှင့် အသီးအနှံစားသုံးမှု အခြေအနေများအပေါ် ဖူလုံမှုရှိစေရေးနှစ်အလိုက် တိုးချဲ့ဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။